တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ANP ပါတီဝင်များအနေဖြင့် ပါတီမှနုတ်ထွက်ကာ အခြားအဖွဲ့အစည်း(သို့မဟုတ်)ပါတီများသို့ ဝင်ရောက်ခွင့်ရှိဟု ANP ဆုံးဖြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.4k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၈/၂၀၂၂
ရခိုင်အမျိုးသားပါတီ (ANP)ပါတီဝင်များအနေဖြင့် ပါတီမှ မိမိဆန္ဒအလျောက်နုတ်ထွက်ခွင့်ရှိပြီး ကြိုက်နှစ်သက်ရာ အဖွဲ့အစည်း(သို့မဟုတ်)ပါတီများသို့ အချိန်မရွေးပူးပေါင်းဝင်ရောက်ခွင့်ရှိသည်ဟု ANP ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ််လ ၆ ရက်က အွန်လိုင်းမှပြုလုပ်ခဲ့သည့် ANP ပါတီဗဟိုကော်မတီအစည်းအဝေးက ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“ဘာလို့လဲဆိုတော့ အရင်တုန်းကဆိုရင် ပါတီဖွဲ့စည်းပုံမှာ ပါတီကနုတ်ထွက်ဖို့ဆိုရင် တစ်စုံတစ်ရာရှင်းလင်းရမယ်။ စုံစမ်းစစ်ဆေးခံရမယ်။ အဲဒီအချက်တွေရှိတယ်။ အခုလက်ရှိနိုင်ငံရေးအခြေအနေမှာ အဲလိုစည်းမျဉ်းစည်းကမ်းတွေကို ကန့်သတ်ထားလို့ ကောင်းတဲ့အခြေအနေမဟုတ်ဘူး။ ဒါ့ကြောင့် ပါတီဝင်တစ်ဦးတစ်ယောက်ချင်း၏ဆန္ဒကို အလေးထားတဲ့အတွက်ကြောင့် ဒီသဘောထားဆုံးဖြတ်ချက်တစ်ခု ချပေးထားတာဖြစ်တယ်”ဟု ပြောသည်။
ယင်းသို့ ANP ပါတီမှ နုတ်ထွက်ထားသူများ၊ ပါတီတာဝန်ကို ထမ်းဆောင်နိုင်မှုမရှိတော့ဘဲ အခြားအဖွဲ့အစည်း၏တာဝန်များကို ထမ်းဆောင်နေကြသည့် ပါတီဝင်များသည်လည်း ANP နှင့်သက်ဆိုင်မှုရှိတော့မည်မဟုတ်ဟု ANP က ဆိုသည်။
လက်ရှိ ANP ပါတီတွင် ၂၀၁၉ ခုနှစ် ပါတီညီလာခံဖြင့် ရွေးချယ်တင်မြှောက်ခံထားရသည့် ပါတီထိပ်ပိုင်းခေါင်းဆောင်များထဲမှ အချို့ပုဂ္ဂိုလ်များသည် အကြောင်းအမျိုးမျိုးကြောင့် ပါတီနှင့်ကင်းကွာလျက်ရှိနေကြသည်ဟု သိရသည်။
ပါတီနှင့်ကင်းကွာနေသည့် ပါတီခေါင်းဆောင်များအနေဖြင့် ပါတီတာဝန်အား ဆက်လက်ထမ်းဆောင်နိုင်ခြင်းရှိ/မရှိ မတ်လ ၁၅ ရက် နောက်ဆုံးထား အကြောင်းပြန်ကြားရန် သဘောထားတောင်းခံလွှာကိုလည်း ယနေ့ မတ်လ ၈ ရက်တွင် ANP ပါတီ၏ အထွေထွေအတွင်းရေးမှူးလက်မှတ်ရေးထိုးကာ ထုတ်ပြန်တောင်းခံလိုက်ပြီဟု သိရသည်။
ယင်းသို့တောင်းဆိုလိုက်ပြီးနောက် ပါတီနှင့်ကင်းကွာနေသည့်ခေါင်းဆောင်များအနေဖြင့် ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဆိုလျှင် ပါတီဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီများပါဝင်သည့် မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပကာ ပါတီတည်ဆောက်ရေးနှင့် ပါတီပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဟုလည်း သိရသည်။
ANP ပါတီတွင် ပါတီဗဟိုကော်မတီဝင် ၈ဝ ကျော်အနက် ပါတီနှင့်ကင်းကွာနေသူများ၊ သေဆုံး သွားသူများနှင့် အခြားပါတီသို့ ပြောင်းသွားသူ စုစုပေါင်း ၂ဝ ခန့်ရှိကြောင်း သိရသည်။
ရခိုင်တွင် နိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD သုံးပါတီအနက် ANP ပါတီသည် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရသည့်ပါတီဖြစ်သည်။
လက်ရှိ ANP ပါတီမှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် နစကကောင်စီဝင် ဖြစ်လာခဲ့သည့်ကိစ္စ၊ လွန်ခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက်နေ့က ပြည်ထောင်စုနေ့အခမ်းအနားသို့ ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ULA/AA ကိုယ်စားပြုပြီး တက်ရောက်ခဲ့သည့် ကိစ္စများသည် ရခိုင်အမျိုးသားပါတီ(ANP)အတွက် လက်ငင်းဖြေရှင်းရန်လိုအပ်နေသော ကိစ္စရပ်များဖြစ်နေပြီး လူထုအား ရှင်းရှင်းလင်းလင်း အသိပေးရန် လိုအပ်နေသည့်အတွက် မတ်လ ၆ ရက်က အစည်းအဝေးကို ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ