တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

PDF သံသယဖြင့်တရားစွဲခံထားရသည့် ကိုစိန်ချစ်တို့အား အကြမ်းဖက်မှုပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

မြထွီးသျှင်
နိရဉ္စရာ၊ မတ် ၉/၂၀၂၂
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အား ယနေ့ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံးက အကြမ်းဖက်မှုပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်လိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဉ္စရာသို့ ပြောသည်။
ယနေ့ မတ်လ ၉ ရက် နံနက် ၁၀ နာရီရုံးချိန်း၌ ဤအမှုအား စွဲချက်တင်သင့်မတင်သင့်လျှောက်လဲချက်ကြားနာပြီးနောက် နေ့လယ် ၁ နာရီခန့်တွင် အကြမ်းဖက်မှုပုဒ်မ ၅၂(က)ဖြင့် ကိုစိန်ချစ်နှင့်ကိုရဲနိုင်ဦးတို့ နှစ်ဦးအား စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်သိင်္ဂီမောင်က "စွဲချက်တင်လိုက်တော့ ကိုစိန်ချစ်နဲ့ကိုရဲနိုင်ဦးတို့က စွဲချက်တင်တဲ့ပုဒ်မနဲ့ သူတို့ကျူးလွန်ခဲ့တာမရှိဘူးလို့ ငြင်းဆိုခဲ့တယ်"ဟု ပြောသည်။
ယင်းကဲ့သို့ငြင်းဆိုခဲ့သည့်အတွက် တရားလိုပြသက်သေစာရင်းထဲတွင်ပါဝင်သည့် တပ်ကြပ်ကြီးကျော်မင်းအား ပြန်ခေါ်သက်သေအဖြစ် လာမည့်မတ်လ ၁၇ ရက်တွင် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
PDF နှင့်ဆက်စပ်သည်ဟုဆိုကာ သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁ဝ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကိုလည်း အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့က လာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါသည် PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ၉ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ