တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

၅ဝ၅ (ခ)ဖြင့်တရားစွဲခံထားရသည့် ငပလီမှ ကိုဟန်မျိုးသူရိန်အား မတ် ၂၁ ရက်တွင် စွဲချက်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1k

မြထွီးသျှင်
နိရဉ်စရာ၊ မတ် ၁၄/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅ဝ၅ (ခ)ဖြင့် တရားစွဲခံထားရသည့် ကိုဟန်မျိုးသူရိန်အား လာမည့် မတ်လ ၂၁ ရက်တွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
ကိုဟန်မျိုးသူရိန်၏အမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်နေသေးသည့် လိုပြသက်သေ ၁ ဦးအား ယနေ့ မတ်လ ၁၄ ရက်တွင် သံတွဲမြို့နယ်တရားရုံး၌ စစ်ဆေးပြီးပြီဖြစ်၍ ်လာမည့်မတ်လ ၂၁ ရက်ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေများက လျှောက်လဲချက်ကြားနာပြီးနောက် စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ချမှတ်သွားမည်ဟု ကိုဟန်မျိုးသူရိန်၏အစ်မ မမျိုးတင်ဇာထွန်းက နိရ ဉ္စရာကိုပြောသည်။
"ဒီနေ့ လိုပြသက်သေတစ်ယောက်ကို စစ်ဆေးခဲ့ပါတယ်။ နောက်ရုံးချိန်းမှာတော့ လျှောက်လဲချက်ကြားနာပြီး စွဲချက်အမိန့်ချပါမယ်" ဟုပြောသည်။
ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဂျိတ္တောရဲစခန်း၌ အမှုတစ်ခုအားကူညီပေးရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် စကားများခဲ့သည်ဟု သိရသည်။
ယင်းသို့စကားများကြစဉ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်သား ၁ ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဂျိတ္တောရဲစခန်း၌ ၎င်းရဲတပ်ဖွဲ့ဝင်အား အမှုဖွင့်နေစဉ် သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွင့်ဝင်များက ကိုဟန်မျိုးသူရိန်ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုဟန်မျိုးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့်ယင်းအချိန်ကပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုဟန်မျိုးသူရိန်အား သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ