တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် စွဲချက်တင်ခံထားရသော ကိုတင်ထွန်းအောင််၏အမှုတွင် တရားလိုဗိုလ်ကြီးအား ပြန်လည်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

မြထွီးသျှင်
နိရ ဉ္စရာ၊ မတ် ၂၃/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ခံထားရသည့် ကိုတင်ထွန်းအောင်၏အမှုတွင် တရားလိုဖြစ်သူဗိုလ်ကြီးထွန်းထွန််းနိုင်အား ယနေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် ပြန်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုတင်ထွန်းအောင်က ၎င်းစွဲချက်တင်ခံလိုက်ရသည့်အပေါ် အပြစ်မရှိကြောင်းငြင်းဆို၍ တရားလိုဖြစ်သူ ဗိုလ်ကြီးထွန်းထွန်းနိုင်အား ယနေ့ မတ်လ ၂၃ ရက်ရုံးချိန်းတွင် ပလက်ဝမြို့နယ်တရားရုံး၌ ပြန်ခေါ်သက်သေအဖြစ် ပြန်စစ်ဆေးရခြင်းဖြစ်သည်ဟု သိရသည်။
ကိုတင်ထွန်းအောင်၏မိသားစုဝင်တစ်ဦးက "အဲဒီတရားလိုဗိုလ်ကြီးကို အလံဖြူထောင်ရတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ကိုထိခိုက်မှုတွေ၊ ဘာတွေရှိလားလို့တော့ တရားရုံးကမေးတာသိရတယ်။ ဒီနေ့နဲ့ဆိုရင်တော့ ကိုတင်ထွန်းအောင်ကို ဖမ်းထားတာ ၃ လပြည့်ဖို့ ၄ ရက်ပဲလိုတော့တယ်။ ဒီအမှုက သူတို့အတွက် ဒီလောက်ထိအရေးကြီးလားဆိုတာကိုတော့ ကျနော်လည်း မပြောတတ်တော့ဘူး" ဟုပြောသည်။
ဆက်လက်ပြီး ကိုတင်ထွန်းအောင်ကိုစစ်ဆေးရန် မနက်ဖြန် မတ်လ ၂၄ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ ပလက်ဝမြို့နယ်တရားရုံးတွင် တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ တရားစွဲဆိုခံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ