စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

သမိုင်းဝင် ဆံတော်ရှင်ဘုရားတောင်တက်လမ်း ဆိုးဝါးစွာ ပျက်စီးနေ၍ အမြန်ဆုံးပြုပြင်ပေးရန်လိုဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 343

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၂/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ထင်ရှားသည့် သမိုင်းဝင် ဆံတော်ရှင်ဘုရားတောင်တက်လမ်းသည် လက်ရှိတွင် ဆိုးဝါးစွာပျက်စီးနေသည်ဟု သိရသည်။
ဆံတော်ရှင်ဘုရားပွဲတော်ကို ယခုနှစ် ဒီဇင်ဘာလအတွင်းကျင်းပရန်စီစဉ်ထားသော်လည်း တောင်တက်လမ်းမှာ ဆိုးဝါးစွာပျက်စီးနေသည့်အတွက် ဘုရားဖူးခရီးသည်များ သွားလာရလွယ်ကူစေရန် အရေးပေါ်ပြုပြင်ရန်လိုအပ်နေကြောင်း ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့မှ ဒုတိယဘဏ္ဍာရေးမှူး ဦးခင်မောင်သိန်းက နိရဥ္စရာကို ပြောသည်။
“တံတားပျက်နေတာကိုပြုပြင်ရမယ်။ သိန်းတစ်ရာလောက်အကုန်အကျမခံဘဲ ဘုရားဖူးတွေအတွက်အဆင်မပြေဘူး။ မြင်တော်မူအရပ်ဆိုပြီး ဘုရားတောင်ခြေနားက လမ်းကျိုးပဲ့သွားတာတစ်ခုရယ်၊ နောက်တစ်ခုက တောကျောင်းနားကတစ်ခုက အကြီးအကျယ်ပျက်နေတာပါ”ဟု ပြောသည်။
ဆံတော်ရှင်တောင်တက်လမ်းသည် ပေါက်တောမြို့နယ် စိုးမဲကျီဆိပ်ကမ်းမှစတင်ပြီး ယခင်က တောလမ်းအဖြစ်တည်ရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဘုရားဖူးခရီးသည်များ၊ အထူးသဖြင့် သက်ကြီးပိုင်းများ သွားလာရအဆင်ပြေစေရန် ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးသန်းနိုင်က ဦးဆောင်ကာ မြေသားလမ်းအဖြစ် ဖောက်လုပ်ခဲ့သည်။
ယင်းမြေသားလမ်းမှာ ပြီးခဲ့သည့် မိုးတွင်းရာသီအတွင်းက တောင်ကျရေများစီးဆင်းမှုကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး ပျက်စီးသွားသည့်နေရာများတွင် ၁ဝ ပေ တံတားငယ် ၄ ခု၊ ရေကျော် ၁ ခုနှင့် တံတားအသေး ၇ ခုခန့် ပြုလုပ်ရန်လိုအပ်သည်ဟု ဦးဦးသန်းနိုင်က ဆိုသည်။
လက်ရှိတွင် အဆိုပါလမ်းသည် အစိုးရလမ်းဖြစ်သွားပြီဖြစ်၍ ပြုပြင်ပေးရန် အစိုးရထံတင်ပြတောင်းဆိုသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးများ သွားလာရအဆင်ပြေစေရန် ဦးဦးသန်းနိုင်က တာဝန်ယူကာ ယာယီပြုပြင်ပေးသွားမည်ဟု ပြောသည်။
“လောလောဆယ် ဦးလေးက ဘုရားဖူးတွေအဆင်ပြေအောင် လူအားနဲ့ လုပ်ဖို့စီစဉ်နေတယ်။ ဆိုင်ကယ်နဲ့တော့ သွားလို့ရမယ်မထင်ဘူး။ ခြေလျင်တက်ရမယ်ဒီနှစ်။ လမ်းကိစ္စဝေဖန်နေကြတာတွေကိုတွေ့ပါတယ်။ ဦးလေးကတော့ စေတနာနဲ့လုပ်ပေးခဲ့တာအတွက်ကြောင့် ဘာမှမပြောလိုဘူး”ဟု ပြောသည်။
ဆံတော်ရှင်ဘုရားပွဲကို ယခုနှစ် ဒီဇင်ဘာလအတွင်း ပုံမှန်အတိုင်း စည်စည်ကားကားကျင်းပရန်စီစဉ်ထားပြီး ပွဲတော်ရက်ကို လောလောဆယ် မသတ်မှတ်ရသေးဟု ဂေါပကအဖွဲ့မှ သိရသည်။
ဆံတော်ရှင်ဘုရားသည် ပေါက်တောမြို့နယ်၊ မြေငူကျွန်းမှ နိလာပဗ္ဗတတောင်ပေါ်၌တည်ရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာထည့်သွင်းတည်ထားသည့် တန်ခိုးကြီးစေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းများအရ သိရသည်။
ဆံတော်ရှင်ဘုရားပွဲကို နှစ်စဉ် နတ်တော်လတွင် စည်စည်ကားကားကျင်းပတတ်ပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ ဘုရားဖူးဧည့်သည်များ ထောင်နှင့်ချီ၍လာရောက်ကြသဖြင့် စည်ကားသည့် ဘုရားပွဲတော်တစ်ခုဖြစ်သည်။
ဓာတ်ပုံ - လူမှုကွန်ရက်


ဆက်စပ် သတင်းများ