အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပြည်သူသောင်းနှင့်ချီပြီး မြို့ကို စွန့်ခွာထွက်ပြေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ရှေးဟောင်းမင်းနေမြို့တော် မြောက်ဦးတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လူနေရပ်ကွက်များကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေ၍ ဒေသခံပြည်သူသောင်းနှင့်ချီပြီး မြို့ကို စွန့်ခွာထွက်ပြေးနေရကြောင်းသတင်းရရှိသည်။

မြောက်ဦးမြို့တွင် ယမန်နေ့ ဒီဇင်ဘာ ၂၄  ရက် နံနက်က စတင်ပြီး ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီ စစ်တပ် အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ထိ တိုက်ပွဲများမှာ  ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း  မြောက်ဦးမြို့ခံ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“မြို့ပေါ်ကလူတွေက အခုဆို ကိုးဆယ်ရာခိုင်နူန်းလောက်က ပြေးသွားကြပြီ။ ကျနော်တို့ ခုထွက်ပြေးနေပါတယ်။ မြို့ထဲကို စစ်သားတွေက လာလိုက် လူတွေကိုအကြောင်းမဲ့ဖမ်းလိုက်။ လက်နက်ကြီးတွေနဲ့ ပစ်လိုက် အဲသလို လုပ်တာကြောင့် မြို့ထဲမှာ မနေရဲတော့ဘူး။ စစ်တပ်က ဘာမှမဆိုင်တဲ့ ရခိုင်လူထုကို အဓိကပစ်မှတ်ထား တိုက်ခိုက်လာတယ်”ဟု ပြောသည်။


ထွက်ပြေးလာသူအများစုမှာ နေအိမ်များကို စွန့်ခွာကာ အသက်လုထွက်ပြေးလာရ၍ စားနပ်ရိက္ခာများကိုလည်း ယူဆောင်လာနိုင်ခြင်း မရှိသဖြင့် ရက်ကြာလာပါက အငတ်ဘေးဆိုက်ရောက်နိုင်သည်ဟု နောက်ထပ် မြောက်ဦးမြို့ခံ တစ်ဦးကနိရဉ္စရာကို ပြောသည်။

“ ခုထွက်ပြေးလာတာ နိုင်သလောက်ပဲပါလာတယ်။ တစ်ပတ်လောက်ဆိုရင် အခက်ခဲရောက်ပြီ”ဟုပြောသည်။

မြောက်ဦးမြို့တွင် လူဦးရေ ၅ သောင်းမှ ၁သိန်း ကြားထိရှိပြီး အများစုပြည်သူများမှာ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကို စိုးရိမ်ပြီး ဘေးလွတ်ရာကို  ထွက်ပြေးကြရသည်ဟု ဒေသခံများက ပြောဆိုသည်။

မြောက်ဦးတွင် ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားနေပြီး ယနေ့ နံနကအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်းဒေသခံများက ပြောသည်။(NN-11)

ဆက်စပ် သတင်းများ