ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်စစ်ကောင်စီမှ "ဆွမ်းဆန်တော်လောင်းလှူပွဲ" စစ်တွေမြို့တွင် ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 252

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၆ / ၂၀၂၄

စစ်ရေးအရ ခြိမ်းခြောက်ခံနေရသည့် စစ်တွေမြို့တွင် ရခိုင်ပြည်နယ်စစ်ကောင်စီမှ  "ဆွမ်းဆန်တော်လောင်းလှူပွဲ" အား အောက်တိုဘာလ (၁၆)ရက် အဖိတ်နေ့တွင် ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

၎င်း "ဆွမ်းဆန်တော်လောင်းလှူပွဲ" အား စစ်တွေမြို့လောကာနန္ဒာစေတီတော်ရင်ပြင်တွင်ကျင်းပခဲ့ပြီး  စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါး (၅၀၀)၊ သီလရှင်အပါး(၁၀၀) တို့ကို ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့သည်ဟု သိရသည်။

ဆွမ်းဆန်တော် လောင်းလှူပွဲ နံနက်(၇)နာရီမှာ ကျင်းပရာ စုစုပေါင်း သိန်း ၇၀၀ ကျော်ဖိုး လှူဒါန်းခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သတင်းများကို ဖော်ပြနေသော ‘သိကြားစေချင် ငွေသဇင်’ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြသည်။


“စားရေရိက္ခာ ခက်ခဲချိန်မှာ ညီညီညာညာနဲ့ အားရပါးရ လောင်းလှူခဲ့ကြပါတယ်။ ဆရာတော်ကြီးများက သာဓု အကြိမ်ကြိမ် ခေါ်ကြပါတယ်။ ဆွမ်းဆန်တော် ၂၈၇ အိတ်၊ ပစ္စည်းမျိုးစုံတန်ဖိုးသိန်း (၇၀၀) ကျော်နဲ့ နဝကမ္မငွေသားအလှူ (၈၇)သိန်းကို စုပေါင်းလှူဒါန်းပြီး ရေစက်ချအမျှဝေခဲ့ကြပါတယ်” ဟု ဆိုသည်။

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ မယ်သီလရှင်ကျောင်းများသည် စစ်တွေမြို့ခံအများစု စစ်ဘေးရှောင်သွားကြသဖြင့် ဝါတွင်း ၃ လအတွင်း အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများအပါအဝင် ပစ္စည်းလေးပါး ရရှိရန် အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ကြရသည်ဟု သိရသည်။

သို့သော်လည်း ဝန်ကြီးချုပ် ဦးထိန်လင်း ဦးဆောင်သည့် ရခိုင်ပြည်နယ်စစ်ကောင်စီသည် ဘုန်းတော်ကြီးကျောင်းများ၊ မယ်သီလရှင်ကျောင်းများအား ရခိုင်တိုက်ပွဲများကို အကြောင်းပြုကာ မျက်ကွယ်ပြုထားခဲ့သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် စစ်တွေမြို့တွင် နေထိုင်နေကြသည့် လက်လုပ်လက်စားများ၊ စစ်ဘေးရှောင် များသည်လည်း အလုပ်အကိုင်ရှားပါးမှု၊ဝင်ငွေပုံမှန် မရှိဘူး၊ ကုန်စျေးနှုန်းကြီးမြင့်မှု စသည့် ဒဏ်ကို အလူးအလဲခံနေကြရပြီး ထိုအခြေအနေများက စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများပါ ထိခိုက်မှုများ ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ