တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မောင်တောမြို့မရဲစခန်းတွင်လက်နက်ကြီးကျည်ကျပြီး‌နောက် အချုပ်သား ၄၈ ဦးအားလွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၆ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့ရှိမြို့မရဲ စခန်းတွင်လက်နက်ကြီးကျပြီး‌နောက်အချုပ်သား ၄၈ ဦးအား အပြီးသတ် လွှတ်ပေးလိုက်ကြောင်း လွတ်မြောက်လာသူများထံမှသိရသည်။

"လက်နက်ကြီးကျပြီး မိုးလင်းတာနဲ့ လွှတ်ပေးလိုက်ကြတာပါ။  ရခိုင်၊ မွတ်ဆလင်၊   ဟိန္ဒူအားလုံး ကျားမ ၄၈ ဦးပါ။ အပြီးလွတ်ပေးတာလို့တာဝန်ရှိသူတွေပြောလိုက်ပါတယ်"ဟု  မောင်တော အချုပ်ခန်းထဲက လွတ်မြောက်လာခဲ့သည့် မွတ်ဆလင်တစ်ဦးကပြောကြားသည်။

လွတ်မြောက်လာသူများထဲတွင် မွတ်ဆလင် အမျိုးသမီ(၄)ဦး၊  ရခိုင်အမျိုးသမီ(၄)ဦး၊ ဟိန္ဒူ အမျိုးသား(၁) ဦး၊ ရခိုင်အမျိုးသား(၁၀)ဦးနှင့် မွတ်ဆင်အမျိုးသား(၂၉)ဦးတိုဖြစ်ကြောင်း သိရှိရသည်။

မောင်တောမြို့မ ရဲစခန်း၌ အချုပ်ခံနေရသူများ ၇ လကျော်အထိအမှု စစ်ဆေးခြင်မပြုနိုင်ဘဲ အချုပ် ခံနေခဲ့ရပြီး စားဝတ်နေရေးနှင့် ကျန်းမာ‌ရေးအတွက် အခက်အခဲများစွာဖြင့် နေထိုင်ခဲ့ကြ‌ကြောင်း ရပ်ကွက် တာဝန်ရှိသူတစ်ဦးက‌ပြောဆိုသည်။

" သူတို့ကို အမှုက မစစ်ဆေးနိုင်တာ ၇ လကျော်နေပြီ။ စစ်တွေလည်း မပို့ကြဘူး။ သူတို့ရဲ့ဘဝတွေ  ဆုံးရှုံး နစ်နာစေတယ်။ နောက်ပြီး စားသောက်ရေးက ပိုပြီး ဒုက္ခတွေ့နေရတာ။ ကုန်ဈေးနူန်းကလည်း အဆမတန်‌ ဈေးကြီးတယ်။ အချို့အချုပ်သား‌တွေရဲ့  မိသားစုတွေလည်း တိုက်ပွဲ‌ ရှောင်သွားကြတာ‌‌တွေ ရှိတယ်။ သူတို့ကိုအငတ်ထားယင်လည်းသေသွားကြမှာ။ ရဲစခန်းက ဘယ်လောက်ကျွေးနိုင်မလဲ။ ‌ကျန်မာ‌ရေးအရဆိုလည်း‌ ဆေးရုံမရှိတော့ဘူး” ဟု  ပြောကြားသည်။

ဇွန်လ ၂၃ ရက်ည ၈ နာရီ ၁၅ မိနစ်ခန့်၌ မောင်တောမြို့မ ရဲစခန်းတွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့်  အမြောက်ကျည် ကျရောက်ပေါက်ကွဲ၍  တပ်ကြပ် ၁ ဦးသေဆုံးခဲ့ရပြီး ရဲအုပ် ၁ ဦး နှင့် ဒုတပ်ကြပ် ၁ ဦး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ အပြီး ဇွန်လ၂၄ ရက် ညနေ၌ အချုပ်သားများ အားလုံးအား ရဲတာဝန်ရှိသူများက ထိုသို့လွတ်ပေးလိုက်တာလည်း ဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲအား အာရက္ခတပ်တော်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိနေပြီး မောင်တောရဲစခန်းရှိ အချုပ်သားများမှာလည်း လက်နက်ကြီးကျည် ကျရောက်ပြီး အစုအပြုံလိုက် သေဆုံးသွားနိုင်သွားသဖြင့် ယခုကဲ့သို့ အချုပ်သားများ အားလုံးအား အပြီးလွတ်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်းဒေသခံများက သုံးသပ်ကြသည်။

ဆက်စပ် သတင်းများ