တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ငပလီမှ လူငယ် ကိုဟန်မျိုးသူရိန် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နိရဥ္စရာ၊ မေ ၂၀/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှ လူငယ်တစ်ဦးဖြစ်သူ ကိုဟန်မျိုးသူရိန်သည် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅ဝ၅ (ခ)ဖြင့် ယနေ့တွင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။
ကိုဟန်မျိုးသူရိန်ကို ယနေ့ မေလ ၂ဝ ရက်တွင် သံတွဲမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေလည်းဖြစ်၊ ကိုဟန်မျိုးသူရိန်၏ အစ်မလည်းဖြစ်သူ မမျိုးတင်ဇာထွန်းက ပြောသည်။
"ဒါကတော့ တရားစွဲအဖွဲ့တွေကလည်း တကယ်ဆိုရင် ပြစ်ဒဏ်ကလည်း ထင်ရှားတာဘာမှမရှိဘူးလေ။ ထင်ရှားတာလည်း မရှိဘဲ ဒီအတိုင်းပဲစွပ်စွဲခံရပြီးတော့ အခြေအနေကလည်း တရားရုံးအဖွဲ့အစည်းတွေကိုယ်တိုင်ကိုက အထက်ကဖိအားတွေ ရှိတော့လည်း မချမနေရချလိုက်ရတဲ့သဘောပေါ့လေ။ အဲလိုမျိုးတွေတော့ ရှိတာပေါပလေ" ဟုပြောသည်။
အမိန့်ချမှတ်ရာတွင် ချုပ်ရက်များပါ ထုတ်နှုတ်ခံစားခွင့်ရှိပြီး အယူခံ ဆက်တက်၊ မတက်ကို စဉ်းစားတိုင်ပင်နေကြဆဲဖြစ်သည်ဟု ဆက်ပြောသည်။
ကိုဟန်မျိုးသူရိန်၏အမှုကို ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ပြီးနောက် ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိတွင် ကိုဟန်မျိုးသူရိန်အား သံတွဲအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။
ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဂျိတ္တောရဲစခန်း၌ အမှုတစ်ခုအားကူညီပေးရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် စကားများခဲ့သည်ဟု သိရသည်။
ယင်းသို့စကားများကြစဉ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်သား ၁ ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဂျိတ္တောရဲစခန်း၌ ၎င်းရဲတပ်ဖွဲ့ဝင်အား အမှုဖွင့်နေစဉ် သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွင့်ဝင်များက ကိုဟန်မျိုးသူရိန်ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုဟန်မျိုးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် ယင်းအချိန်ကပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။ (NN-8)

ဆက်စပ် သတင်းများ