တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တရားရုံးကအာမခံဖြင့်လွှတ်ပေးလိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ပြန်လည်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရ ဉ္စရာ၊ မေ ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တရားရုံးမှ အာမခံဖြင့် လွှတ်ပေးလိုက်သည့် မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးတို့သည် ယမန်နေ့ မေလ ၂၄ ရက်က ပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
သူတို့နှစ်ဦးမှာ စစ်တွေမြို့နယ် ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်နှင့် ရွာသစ်ကေ(ခေါ်) ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ဖြစ်ကြသည်။
ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက "မနေ့က သူတို့ကို တရားရုံးချိန်းပြန်ချိန်းတယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တယ်" ဟုပြောသည်။
သူတို့သည် သစ်တောဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်ခံထားရပြီးနောက် ပြီးခဲ့သည့် မေလ ၂ဝ ရက် ညနေပိုင်းတွင် စစ်တွေမြို့နယ်တရားရုံးမှ အာမခံဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား လက်ရှိတွင် စစ်တွေမြို့ မြို့မရဲစခန်း၌ ပြန်လည်ထိန်းသိမ်းထားကြောင်း သိရသည်။
၄င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင် ကျေးရွာအတွင်းမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နောက်တစ်နေ့တွင် ဦးထွန်းလှစိန်၏နေအိမ်အတွင်းမှ သစ်စက်တစ်လုံးနှင့် စုပုံထားသော သစ်များကို စစ်တပ်နှင့် ရဲတို့က ဝင်ရောက်ယူဆောင်သွားခဲ့ပြီးနောက် သစ်တောဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်မေလ ၃ ရက်ကလည်း AA ကို အမဲသားများ သွားရောက် ရောင်းချသည်ဟုဆိုကာ စစ်တွေမြို့မှ ဖမ်းဆီးခံခဲ့ရသည့် မူဆလင်ရွာသား ၅ ဦးကို မေလ ၅ ရက်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ (NN-8)

ဆက်စပ် သတင်းများ