ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

AA ကိုလူပို့သည့်သံသယဖြင့် တောင်ကုတ်မြို့နယ်မှ ANP ကျေးရွာဥက္ကဋ္ဌတစ်ဦး ခေါ်ယူစစ်ဆေးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.7k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ရွာမမြို့၊ ပေါက်ပြင်ကျေးရွာမှ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအား ရက္ခိုင့်တပ်တော် (AA) ကို လူပို့သည့် သံသယဖြင့် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်ဟု သတင်း ရရှိသည်။

ခေါ်ယူစစ်ဆေးမေးမြန်းခံခဲ့ရသူမှာ ပေါက်ပြင်ကျေးရွာ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသန့်တင်ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်က ရွာမရဲစခန်းမှ ဒုရဲမှူးတစ်ဦးက စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာခေါ်ယူပြီးနောက်  တောင်ကုတ်မြို့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု ခေါ်ယူစစ်ဆေးမေးမြန်းခံခဲ့ရသူ ဦးသန်းတင် က နိရဥ္စရာသို့ ပြောသည်။

“ ရွာမရဲစခန်းက ဒုရဲအုပ် တစ်ယောက်က ကျွန်တော်ကို အရင်လာခေါ်တယ်။ အဲတော့ ကျွန်တော် ရွာမကို သွားတယ်။ ရွာမကို သွားပြီးတော့ အဲဒီမှာတစ်ခါ  မြို့နယ်ရဲတပ်ဖွဲ့မှူးက တွေ့ချင်လို့ဆိုပြီး ပြောတယ်။ ပြီးတော့ သူ့ကားလေးနဲ့  တောင်ကုတ်မြို့ပေါ်ကို လိုက်သွားရတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ခေါ်ယူပြီး မွန်းလွဲ ၁၂ နာရီတွင် တောင်ကုတ်မြို့မရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် AA ကို လူပို့သည်ဟု သတင်းပေးတိုင်ကြား ထားသူရှိသည်ဟုဆိုကာ စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။

“မြို့နယ်မှူးအခန်းထဲကို ဝင်တော့ မြို့နယ်မှူးက ကျွန်တော်ကို AA ကို လူပို့တယ်လို့ တိုင်ထားလို့တဲ့။ ဒါကြောင့် ခေါ်တယ်လို့ အဲဒီလို ပြောတယ်။ အဲတော့ ကျွန်တော်က ရှင်းပြတယ်။ဒီအလုပ်မျိုးကို ကျွန်တော်မလုပ်။ ရခိုင် အမျိုးသားပါတီမှာပဲ လုပ်တယ်။ အခု လက်ရှိလည်း ရွာထဲက ပရဟိတ လုပ်ငန်းတွေကို လုပ်တယ်။အဲဒီမှာ ဘုန်းကြီးကျောင်း ကိစ္စနဲ့ တစ်ကွဲတစ်ပြားဖြစ်သွားတဲ့ အခါ တချို့က သတင်းအမှားပေးပြီး တိုင်ကောင်း တိုင်နိုင်တယ်လို့ပေါ့လေ။ ဒီလိုဘဲ ရှင်းပြလိုက်တယ်”ဟု ဦးသန့်တင်က ပြောသည်။

စစ်ဆေးမေးမြန်းပြီးနောက် ၄င်းအား ထွက်ဆိုချက်တွင် လက်မှတ်ထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဦးသန့်တင်က ဆက်ပြောသည်။

တောင်ကုတ်မြို့နယ်၊ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဖေကြွယ်ကလည်း ယင်းသို့ ခေါ်ယူမေးမြန်းခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။


ဆက်စပ် သတင်းများ