ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရခိုင်ရှိ သမိုင်းဝင်တောင်များတွင် ကျောက်လုံးဝမထုတ်ကြရန် AA အမိန့်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 786

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၃၁/၂၀၂၄

ရခိုင်ပြည်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်တောင်နဲ့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေမှာ ကျောက်ထုတ်ယူ တူးဖော်ခြင်းများ လုံးဝမပြုလုပ်ကြရန် အာရက္ခတပ်တော်(AA)က အမိန့်ထုတ်ထားသည်ဟု သိရသည်။

AA သည် ရခိုင်ပြည်အတွင်း မြို့အများကို သိမ်းပိုက်ထိန်းချုပ်ထားချိန်ကပင် ယခုကဲ့သို့ ကျောက်မထုတ်ရန် နှုတ်နှင့်တစ်မျိုး၊ စာဖြင့်တစ်ဖုံ အမိန့်ထုတ်ထားခြင်းဖြစ်ပြီး ထိုအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်စွာအရေးယူမည်ဟုလည်း သတိပေးထားသည်။

ရခိုင်ရှိ AA အရာရှိတစ်ဦးက "ကျနော်တို့နယ်မြေဘက်မှာတော့ စာနဲ့ထုတ်ပြန်ထားတာမရှိဘူး။ ဒါပေမဲ့ နှုတ်နဲ့တော့ ထုတ်ပြန်တားမြစ်ထားတာရှိပါတယ်"ဟု နိရဥ္စရာကို ပြောသည်။

ကျောက်တော်မြို့မှနေ၍ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး မဟာမုနိဘုရားသို့သွားရာ စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်ရှိ သမိုင်းဝင် တောင်ပေါက်ကြီးတောင်တန်းတွင်လည်း ကျောက် လုံးဝမတူးရန်နှင့် တူးဖော်ပါက အရေးယူမည်ဟု AA က ဆိုင်းဘိုးထောင်ကာ သတိပေးတားမြစ်ထားသည်ကို တွေ့ရသည်။

ထိုသတိပေးစာတွင် "တောင်ပေါက်ကြီးတောင်တန်းသည် သမိုင်းဝင်တောင်တန်းဖြစ်၍ တောင်ပေါက်ကြီးတောင်တန်းမှ ကျောက်တူးဖော်ထုတ်ယူခြင်း လုံးဝ(လုံးဝ)ခွင့်မပြု၊ တောင်ပေါက်ကြီးတောင်တန်းမှ သစ်ပင်များအား ခုတ်ယူခြင်း လုံးဝ(လုံးဝ)ခွင့်မပြု၊ တွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည်။ ပုံ/ အမှတ်(၅)နယ်မြေအုပ်ချုပ်ရေးရုံး၊ ဗီတာ(၁)စစ်ဒေသ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ"ဟု ရေးသားဖော်ပြထားသည်။



တောင်ပေါက်ကြီးတောင်တန်းမှ ရခိုင်တို့၏ အဖိုးမဖြတ်နိုင်သည့် ရှေးကျသော၊ တောင်ပေါက်ကြီးကျောက်စာဟုထင်ရှားသော သမိုင်းဝင်ကျောက်စာတစ်ချပ်ကို တူးဖော်ရရှိခဲ့ဖူးသည်။

ထိုကျောက်စာသည် ရခိုင်သမိုင်းတွင် ဓည၀တီရခိုင်ပြည်သို့ ဗုဒ္ဓဂေါတမ ကြွရောက်လာမှုနှင့် ရခိုင်ဒေသ၌ ထေရဝါဒ ဗုဒ္ဓဘာသာကို စတင်ကိုးကွယ်မှုတို့ကို ရေးထိုးထားခြင်းဖြစ်သည်။

ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားခြင်းဖြစ်ပြီး ဘီစီ(၈)ရာစုမှ (၆)ရာစုကြား ရခိုင်တို့၏ ဓညဝတီခေတ်တွင် ရေးထိုးခဲ့ခြင်းဖြစ်နိုင်သည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းထားကြသည်။

၁၉၃၀ ပြည့်နှစ်နောက်ပိုင်း ဂုဏ်ထူးဆောင် ကျောက်စာ၀န်ကြီး ဦးစံရွှေဘုနှင့် တပည့် ရခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်းတို့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ယခုကဲ့သို့ ရှေးဟောင်းသမိုင်းဝင် ရုပ်ဝတ္ထုပစ္စည်းများနှင့် ဆက်စပ်နေသည့် တောင်တန်းများပေါ်မှ ကျောက်တူးဖော်ထုတ်ယူပါက ရခိုင့် ရှေးဟောင်းယဥ်​ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားနိုင်၍ AA က ယခုကဲ့သို့ တားမြစ်မှုမှာ သဘာဝကျသည်ဟု ရခိုင်သမိုင်းသုတေသီမောင်ဖြူ(ကြွီတဲကျွန်း)က နိရဥ္စရာကို ပြောသည်။

"ဒါက သဘာဝကျပါတယ်။ ကျောက်တွေထုတ်ပစ်တယ်ဆိုရင် မြေဆီလွှာ၊ မြေသားတွေ အဲဒီပတ်ဝန်းကျင်မှာရှိနေတာတွေ၊ အခုဆိုရင် ပုဏ္ဏားကျွန်းမှာ ဟိုနှစ်က အဲလိုတောင်တွေပြိုကျလို့ စတူပါတွေထွက်ပေါ်ခဲ့တာတွေရှိတယ်။ အဲလို ရှေးဟောင်းရုပ်ဝတ္ထုတွေရှိတဲ့နေရာနားတွေမှာဆိုရင်တော့ တားမြစ်ထားတာက အကောင်းဆုံးပါ။ ကျနော်တို့မှာ တစ်ချိန်ချိန်မှာ ဒါတွေကို မဖြစ်မနေလုပ်လာရမှာ၊ ဖော်ထုတ်လာရမှာရှိတဲ့အတွက်လေ။ ကျောက်တူးပစ်လိုက်ရင် မပျက်စီးသင့်တာတွေ ပါသွားရင်၊ ပျက်စီးသွားရင် တိုင်းပြည်အတွက်၊ နိုင်ငံအတွက်လည်း အရမ်းဆုံးရှုံးမှုဖြစ်တယ်။ လူမျိုးအတွက်လည်း အရမ်းနစ်နာမှုဖြစ်ပါတယ်"ဟု ပြောသည်။



ပုဏ္ဏားကျွန်းမြို့နယ်၊ ဂူဝဘုရားအလွန် ၄ ဖာလုံခန့်အကွာ ရန်ကုန်ဘက်သို့အသွား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးရှိ ဦးသန်းရွှေကြီးပိုင်ဆိုင်သည့် တောင်မြေတွင် မိုခါကြောင့် ပြိုလဲသွားသည့် သစ်ပင်အား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်၊ ညနေပိုင်းက ရှင်းလင်းတူးဖော်ရာမှ ကျောက်ကိုထွင်းထုထားသည့် ရခိုင့်ရှေးဟောင်းလက်ရာ စတူပါ ၅ ဆူကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အကြီးတစ်ဆူမှာ အမြင့် သုံးပေခန့်နှင့် အငယ်လေးဆူမှာ အမြင့် နှစ်ပေခွဲခန့်ရှိပြီး  အငယ်လေးဆူအနက် ပျက်စီးယိုယွင်းပြီး အပိုင်းအစများဖြစ်နေသည့် တစ်ဆူပါဝင်သည်။

အဆိုပါစတူပါများ၏ အလယ်ဖောင်းရစ်တွင် ရခိုင်တို့၏ ဝေသာလီခေတ်ဖြစ်သော အေဒီ ၅ ရာစုအတွင်းကသုံးစွဲသည့် ရခိုင်အက္ခရာအသုံးအနှုန်းများကို ရေးထွင်းပါရှိပြီး စတူပါများ၏ ကြန်အင်လက္ခဏာများနှင့်ပြည့်စုံ၍ ဝေသာလီခေတ် ရှေးဟောင်း လက်ရာဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များက ခန့်မှန်းထားကြသည်။

ရခိုင်ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့ရှိ သမိုင်းဝင်တောင်တန်းများ၊ ကျောက်တော်မြို့နယ်ရှိ တောင်ပေါက်ကြီးတောင်တန်း၊ ကံစောက်တောင်တန်းများ၊ မင်းပြားမြို့အနီးရှိ သမိုင်းဝင် ကျိန်းတောင် တောင်တန်းများအပါအဝင် ရခိုင်ပြည်အနှံ့ရှိ ရှေးဟောင်းအမွေအနှစ်များရှိသည့်တောင်များကို ယခင်ခေတ်အဆက်ဆက် အစိုးရလက်ထက်က ဖြိုချ၍ ကျောက်တူးယူခဲ့မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပျက်စီးဆုံးရှုံးမှုများနှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက် ပျက်စီးမှုများရှိခဲ့ကြောင်းလည်း သမိုင်းသုတေသီများနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်သူများက ပြောဆိုကြသည်။

တောင်များကိုဖြိုရာတွင် အစိုးရ၏တည်ဆောက်ရေးလုပ်ငန်းအတွက်တူးဖော်ခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက််တူးဖော်ခြင်းနှင့် ပုဂ္ဂလိကစီးပွားရေးအရ တူးဖြိုခြင်းများရှိသည်။

တူးဖြိုရာတွင်လည်း ဒေသအာဏာပိုင်များ၏ တရားဝင်လိုင်စင်ဖြင့်တူးဖြိုခြင်းများရှိသလို လိုင်စင်မရှိဘဲ တရားမဝင်တူးဖြိုခြင်းများလည်းရှိသည်ဟု သိရသည်။

သို့သော် ရှေးဟောင်းယဥ်ကျေးမှုနှင့်ဆိုင်သည့် ရုပ်ဝတ္ထုသက်သေများနှင့် စာပေသက်သေများမရှိသည့်တောင်များရှိကျောက်များကိုဆိုလျှင် ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်ပါက ထုတ်ယူသုံးစွဲသင့်သည်ဟုလည်း ရခိုင်သမိုင်းသုတေသီ မောင်ဖြူ(ကြွီတဲကျွန်း)က ပြောသည်။

ဓာတ်ပုံ - တောင်ပေါက်ကြီးတောင်တန်းတွင် ကျောက်ထုတ်ယူမှုကို AA က တားမြစ်ထားသည့် ဆိုင်းဘိုးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က တွေ့ရစဥ်။

ဓာတ်ပုံ - ၂ဝ၁၈ ခုနှစ်အတွင်းက မင်းပြားကျိန်းတောင်တွင် ကျောက်ထုတ်ခဲ့သည်ကို တွေ့ရစဉ်/ Photo - မူရင်းပိုင်ရှင်)

ဆက်စပ် သတင်းများ