စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အသက် ၉ နှစ်မှ ၁၅ နှစ်အထိ အမျိုးသမီးငယ်များ ထိုးသင့်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 705

သားအိမ်ခေါင်းကင်ဆာရောဂါသည် မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၄၄ နှစ်ကြား အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာရောဂါတစ်ခုလည်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း သားအိမ်ခေါင်းကင်ဆာ စတင်ဖြစ်ပွားသူ ၆ သိန်းကျော်ရှိပြီး အသက်သေဆုံးသူ ၃ သိန်းကျော်အထိရှိခဲ့သည်။

သားအိမ်ခေါင်ကင်ဆာရောဂါကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၅ နှစ်အထိ အမျိုးသမီးငယ်များထိုးသင့်ပြီး ယင်းအရွယ်တွင် လိင်ဆက်ဆံခြင်း မပြုရသေး၍ အဆိုပါ ကာကွယ်ဆေးထိုးထားခြင်းဖြင့် သားအိမ်ခေါင်ကင်ဆာရောဂါကို ဖြစ်စေနိုင်မှုအား ၉၀ ရာနှုန်းကျော်အထိ ကာကွယ်နိုင်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(ရောဂါနှိမျနှင်းရေး) ဒေါက်တာဇော်ဇာ်အာင်က နိရဉ္စရာကို ပြောဆိုထားသည်။


"လိင်ဆက်ဆံမှု အထိအတွေ့မရှိသေးခင်မှာ အဲဒီအသက်အရွယ်ငယ်ငယ်မှာ စပြီးတော့ ကာကွယ်ဆေးကို ကြိုတင်ထိုးထားတယ်။ အဲ့ကာလမှာ ထိုးနှံထားရင် ကာကွယ်နိုင်စွမ်းအားကတော့ များတာပေါ့။ အသက်နည်းနည်းကြီးလာလေ ကာကွယ်နိုင်စွမ်းအားကတော့ နည်းလေလို့ပြောထားတယ်ဗျ။ ဖြေဆေးရဲ့အာနိသင်က ထိရောက်မှုလျော့သွားတယ်ပေါ့။ အသက်  ၂၆ နှစ်ကျော်သွားရင်ရော ထိုးလို့မရဘူးလားဆိုတော့ မဟုတ်ဘူး။ ထိုးလို့တော့ ရတယ်။ လိင်ဆက်ဆံမှုအထိအတွေ့ရှိပြီးသားသူဆိုရင် လူ့ခန္ဓာကိုယ်ထဲ သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်က ဝင်ရောက်နေပြီးသား ဖြစ်နိုင်တာဖြစ်တဲ့အတွက် ‌ဆေးရဲ့အာနိသင်က ကာကွယ်နိုင်စွမ်းပိုနည်းလာတယ်"ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ အသက် ၉ နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသူမိန်းကလေးငယ် ၈ သောင်းကျော်ကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား စက်တင်ဘာလ ၁၈ ရက်မှစတင်ကာ စက်တင်ဘာ ၂၉ ရက်အထိ ထိုးပေးခဲ့သည်ဟု သိရသည်။

ကျောင်းသူလေးများကို အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် Human Papilloma Virus (HPV) ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီ အချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်၍ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားခြင်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါကာကွယ်ဆေးသည် အမျိုးသမီးများတွင်အဖြစ်များသည့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်သလို ဆိုးကြိုးမြားမရှိသည့်အတွက် စိတ်ချလက်ချ ထိုးနှံကြရန်လည်း ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ အောင်စစ်ထွန်းက နိရဉ္စရာကတဆင့် ရခိုင်အမျိုးသမီးထုကို တိုက်တွန်းထားသည်။


ရခိုင်မှ ကျောင်းသူတစ်ဦး၏ မိခင်တစ်ဦးက "ကျမသမီးလေးကို ဒီကာကွယ်ဆေး ထိုးထားပေးပါတယ်။ ဒီရောဂါက တကယ့်ကိုကြောက်စရာကောင်းတဲ့ရောဂါဆိုတော့ ထားတာက အပြစ်မရှိဘူးလေ။ ငယ်ငယ်ရွယ်ရွယ်မှာထိုးထားပါမှ ကြီးလာရင် စိတ်ချရမှာ။ ရခိုင်က သမီးရှင်တွေလည်း ကိုယ့်သမီးလေးတွေကို ထိုးထားပေးကြဖို့ တိုက်တွန်းချင်ပါတယ်"ဟု ပြောသည်။

ကင်ဆာအမျိုးမျိုးရှိသည့်အထဲ လွယ်လွယ်ကူကူနှင့် ထိထိရောက်ရောက် စစ်ဆေးနိုင်သည်ကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်သည်။

လိင်ဆက်ဆံမှုရှိဖူးသည့်အမျိုးသမီးတိုင်း အသက် ၂၅ နှစ်ကျော်သည်နှင့် သားအိမ်ခေါင်းချွဲမြှေးကို ၃ နှစ်တစ်ခါစစ်ဆေးသင့်သည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးအများစုတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့်ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့် အရွယ်မရောက်မီ လိင်ဆက်ဆံခံရသူများ၊ အရွယ်မရောက်မီအိမ်ထောင်ပြုသူများနှင့် အိမ်ထောင်ဆက် များသည့်အမျိုးသမီးများတွင် ပိုမိုအဖြစ်များလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။ အရွယ်ရောက်ပြီးအမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါမဖြစ်မီ ပြတတ်သောလက္ခဏာများမှာ အမျိုးသားနှင့်အတူနေချိန် သွေးဆင်း ခြင်း၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ မိန်းမ ကိုယ်မှ အဖြူဆင်းချိန် သွေးစ ပါလာခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အမျိုးသားနှင့် အတူနေစဉ် မိန်းမကိုယ်နာကျင်ခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ရောဂါ နှိမ်နင်းရေး) ဒေါက်တာဇော်ဇော်အောင်က "ဘယ်လိုတွေလိုက်နာရမလဲဆိုတော့ ကလေးဘဝ အပျိုဖော်၊ လူပျိုဖော်မဝင်ခင်ကတည်းက သားအိမ်နဲ့ပတ်သက်ပြီးတော့ သားအိမ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးအသိကို ကိုယ့်မိဘတွေတွေ၊ လူကြီးတွေ ဆီကနေ မှန်ကန်တဲ့အသိပညာပေးထားရမယ်ပေါ့။ ဒါမှသာလျှင် ကလေးတွေက  လိင်ဆက်ဆံခြင်းရဲ့အန္တရာယ်ရှိတာတွေ စတာတွေကို စောစောစီးစီးကိုယ်ဝန်ရတာမျိုး၊ အခြားရောဂါတွေရတာမျိုး၊ သားအိမ်ခေါင်းကင်ဆာလိုမျိုးဖြစ်လာနိုင်တာ‌တွေကို ကာကွယ်နိုင်မယ်ပေါ့နော်။ တကယ်လို့ အရွယ်ရောက်ပြီးလို့ ကိုယ့်ကိုကိုယ်လည်းထိန်းနိုင်ပြီ။ တစ်ခုခု အတွေ့အကြုံရှိပြီးပြီဆိုရင် အဆင့်တိုင်းအဆင့်တိုင်းမှာ ကွန်ဒုံးသုံးရမယ်ပေါ့နော်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ရဲ့အဖော်ကို ကွန်ဒုံးသုံးဖို့ပြောရမယ်။ ဒါမှလည်း HPV၊ HIV စသဖြင့်ရောဂါပိုးတွေ လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး သားဖြစ်မည်”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသမီးလူဦးရေတစ်သိန်းတွင် ဖြစ်ပွားသူ ၂၅ ဒသမ ၃ ရာနှုန်းအထိဖြစ်ပွားနေသည်ဟု ဆေးပညာရှင်များက ခန့်မှန်းထားကြသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။ 

ဓာတ်ပုံ - ပေါက်တောမြို့နယ်ရှိစာသင်ကျောင်းတစ်ခုအတွင်း ကျောင်းသူတစ်ဦးအား စက်တင်ဘာလက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခဲ့စဥ်။

ဆက်စပ် သတင်းများ