အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင် ၂၀၀ ကျော် အရေပြားရောဂါ ထပ်ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 631

ဆလိုင်းမိုးအောင်

နိရဉ္စရာ၊ သြဂုတ် ၂၄/၂၀၂၄ 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၂၀၀ ကျော်သည် အရေပြားရောဂါ ထပ်မံဖြစ်ပွားနေကြောင်း သိရသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀ ကျော်ရှိပြီး ယင်းအနက် ၂၀၀ ကျော်တွင် ခန္ဓာကိုယ်အနှံ့ အရေပြားရောဂါထပ်မံဖြစ်ပွားနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံ မဦးငြိမ်းနွယ်က ပြောသည်။ 

"ခန္ဓာကိုယ်အနှံ့မှာ ဖြစ်နေကြတာပါ။ ဝဲလိုမျိုး အရေပြားရောဂါပြန်ဖြစ်နေကြပါတယ်။ တချို့ကျရင် ဝဲလိုမျိုး ခန္ဓာကိုယ်အနှံ့ အနာပေါက်တာ များပါရေ။ တချို့ကျတော့ လက်နဲ့ ခြေထောက်တွေမှာ နည်းနည်းပေါက်တယ်"ဟု ပြောသည်။ 

ကလေးသူငယ်များနှင့် သက်ကြီးပိုင်းအရွယ်များအပြင် လူကြီး၊ လူငယ်မရွေး ဖြစ်ပွားနေသည်ဟုလည်း ဆိုသည်။ 

ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေမြင့်တက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် ချောင်းရေများဝင်ရောက်ကာ ရေကြီးမှုဖြစ်ပွားခဲ့သည်။ 

ထိုသို့ရေကြီးပြီးနောက် သောက်သုံးရေကန်များတွင် မသန့်ရှင်းသည့် ဆားငန်ရေများ ဝင်ရောက်ခဲ့သည်ဟု သိရသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် ထိုမသန့်ရှင်းသည့်ရေများကို သောက်သုံးရခြင်း၊ မိုးတွင်းပိုင်းမသန့်ရှင်းသည့်နေရာများတွင် ဖြစ်သလိုနေထိုင်နေရခြင်းတို့ကြောင့် အရေပြားရောဂါထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ 

ပန်းနီလာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးဖြစ်သူ ဒေါ်မငယ်က "နွေရာသီတုန်းကလည်း အရေပြားရောဂါဖြစ်တယ်။ မိုးတွင်းပိုင်းရောက်တော့ နည်းနည်းသက်သာရာကနေ ပျောက်လုနီးပါဖြစ်နေတာ။ ရေကြီးပြီးတဲ့နောက်ပိုင်း အခုထပ်ဖြစ်နေကြတယ်။ အဲ့ဒီယားနာတွေကို လိမ်းဖို့ ဆေးတွေလည်း မရှိဘူး။ ဝယ်လည်းမသုံးနိုင်တော့ ဆေးမြစ်၊ ဆေးဥတွေရှာပြီး လိမ်းနေရတယ်။ မသက်သာဘူး။ ဆေးဝါးအကူအညီတွေရချင်ပါတယ်" ဟု ပြောသည်။ 

ပန်းနီလာစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း သောက်သုံးရေရှားပါးမှုနှင့် မသန့်ရှင်းသည့် သောက်သုံးရေများကို သောက်သုံးရခြင်းကြောင့် အရေပြားရောဂါဖြစ်ပွားသူ လူဦးရေ ၂၀ ကျော်နှင့် ဝမ်းရောဂါဖြစ်ပွားသူ လူဦးရေ ၂၀ ဦးခန့်ရှိခဲ့သည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များကို တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေး အသိပညာပေးစောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း သိရသည်။ 

အဆိုပါ ပန်းနီလာစစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့ပေါ်မှ ရွာဟောင်း၊ မြို့သစ်နှင့် စံပြရပ်ကွက်တို့မှ စစ်ဘေးရှောင်လာသူများနေထိုင်လျက်ရှိကြသည်။ 

ထိုစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၃၀၇ ဦးရှိကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ