- Web Master
- ၂၂ ဧပြီ ၂၀၂၄
နွေနေ/ နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၄ (နိုင်ငံတကာ)
ဆီးရီးယားနိုင်ငံ၊ ဒမတ်စ်ကပ်မြို့ရှိ အီရန်ကောင်စစ်ဝန်သံရုံးကို ဧပြီ-၁ရက်နေ့က အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကောင်စစ်ဝန်သံရုံးတစ်ခုလုံး ပြိုကျသွားပြီး အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတစ်ဦးအပါအဝင် သံရုံးအတွင်းရှိ လူအားလုံး သေဆုံးသွားကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံသတင်းက ကြေညာသည်။
ဗြိတိန်အခြေစိုက် ဆီးရီးယားစစ်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ပြောကြားချက်အရ အစ္စရေး တို့၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် အီရန်သံရုံးနှင့် တွဲဖက်ထားသော ကောင်စစ်ဝန်ရုံး တစ်ခုလုံး ပျက်စီးသွားပြီး အစောင့်တပ်ဖွဲ့ဝင်များအပါအဝင် လူ ၈ ဦး သေဆုံးသွားသည်ဟု သိရသည်။
“ အစ္စရေး အက်-၃၅ တိုက်လေယာဉ်က ပစ်ခတ်လို့ သံရုံးထဲက လူငါးဦးသေဆုံးသွားပါတယ်” ဟု ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ် ဟိုစိန် အက်ဘာရီက အီရန်ရုပ်သံသို့ ပြောကြားခဲ့သည်။
သံအမတ်သည် တိုက်ခိုက်မှု ဖြစ်ပွားစဉ် သံရုံးအတွင်း၌ ရှိမနေဟု ဆိုသည်။
ယခုတိုက်ခိုက်မှုမှာ ပါလက်စတိုင်းဟားမတ်စ်စစ်သွေးကြွအဖွဲ့ အား တိုက်ခိုက်နေသည့် ဂါဇာစစ်ပွဲ အရှိန်မြင့်နေစဉ် နှင့် အစ္စရေးနှင့် အီရန်မဟာမိတ်များအကြား တင်းမာမှုမြင့်မားလာနေစဉ် ပေါ်ပေါက် လာခြင်းဖြစ်သည်။
အီရန်သံရုံးကြီးနှင့် တွဲဖက်ထားသော ကောင်စစ်ဝန်ရုံးတစ်ခုလုံး ပြိုကျသွားပြီး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များက အပျက်အစီးများကြား ရှာဖွေနေသည်ကို မြင်တွေ့ရသည်ဟု အေအက်ဖ်ပီ သတင်းထောက်က ပြောသည်။
“ တိုက်ခိုက်မှုကြောင့် အဆောက်အဦးတစ်ခုလုံးပြိုကျသွားပြီး အထဲမှာရှိသူအားလုံး သေဆုံး သွားပါတယ်။ အဆောက်အဦးပျက်အောက်က အလောင်းတွေကို တူးဖော်ရှာဖွေနေပါတယ်” ဟု ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အီရန်ရုပ်သံ၏ ကြေညာချက်အရ သေဆုံးသွားသူများထဲတွင် ဆီးရီးယားရှိ အီရန် ကွဒ်တပ်ဖွဲ့ တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး မိုဟာမက်ရေဇာ ဇာဟီဒီ လည်း ပါဝင်သည်ဟု သိရသည်။
အီရန်သံအမတ် အက်ဘာရီက “ အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ ဇီယွန်ဝါဒ သရုပ်မှန်ကို ဖော်ပြလိုက်တာဖြစ်တယ်။ သူတို့ဟာ သူတို့လိုချင်တာရဖို့ လူသားမဆန်တဲ့ လုပ်ရပ် အားလုံး လုပ်နေသလို နိုင်ငံတကာဥပဒေတွေကိုလည်း ဂရုမစိုက်ဘူး” ဟု ပြောဆိုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အေမီရာဒိုလာဟီရန်က “ ယခုတိုက်ခိုက်မှု၏ နောက်ဆက်တွဲ အကျိုးဆက်အားလုံးကို အစ္စရေးက တာဝန်ခံရမည်ဖြစ်ကြောင်း၊ အီရန်ကောင်စစ်ဝန်ရုံးအား တိုက်ခိုက်မှုသည် နိုင်ငံတကာသဘောတူစာချုပ်များကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံတကာ အသိုင်းအဝန်းက အပြင်းအထန်တုန့်ပြန်ရမည်ဖြစ်ကြောင်း” အီရန်ရုပ်သံသို့ ပြောကြားခဲ့သည်။
ref:AFP/CNA