ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်တွင် ချင်းတိုင်းရင်းသားမဲဆန္ဒရှင် ၇၄ဝဝဝရှိရာတွင် ၂ဝဝဝဝသာမဲပေးခွင့်ရရှိခဲ့၍ အများကိုယ်စားပြုသည့် ရွေးကောက်ပွဲမဖြစ်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ချင်းတိုင်းသားမဲဆန္ဒရှင် ၇၄ဝဝဝ ရှိရာတွင် ၂ဝဝဝဝ ခန့်သာ မဲပေးခွင့်ရ၍ လက်ရှိ ကျင်းပ သွားသည့် ရွေးကောက်ပွဲမှာ အများကိုယ်စားပြုသည့် ရွေးကောက်ပွဲမဖြစ်ခဲ့ဟု ချင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောဆိုသည်။

ချင်းတိုင်းရင်းသား တသီးပုဂ္ဂလကိုယ်စားလှယ် မိုင်စုစုလှိုင်က  “အခက်အခဲအများကြီးရှိခဲ့တယ်။ ရခိုင်မှာ ချင်းတိုင်းရင်းသားမဲဆန္ဒရှင် ၇၄ဝဝဝ ခန့်ရှိရာမှ ၂ဝဝဝဝ မပြည့်တဲ့ မဲဆန္ဒရှင်တွေသာ မဲပေးခွင့်ရရှိခဲ့ကြတယ်။ ဒါကြောင့် လက်ရှိကျင်းပသွားတဲ့ ရွေးကောက်ပွဲမှာ အများ ကိုယ်စားပြုသည့် ရွေးကောက်ပွဲမဖြစ်ခဲ့ဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် (၉) ခုနှင့် မြို့နယ် (၂)ခုမှ ပြည်နယ်မဲဆန္ဒနယ် (၂) ခုတွင် ရွေးကောက်ပွဲ မကျင်းပခဲ့သဖြင့် ချင်းတိုင်းရင်းသားအများအပြား မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

၎င်းပြင်ရွေးကောက်ပွဲမှာရွေးကောက်ပွဲမှာ မျှတမှုမရှိဟုလည်း သူမက ပြောဆိုသည်။

“ အစ်မတို့က ကော်မရှင်ရဲ့မမျှတမှု၊ အစိုးရရဲ့ မမျှတမှုတွေကြောင့် ပြည်သူတွေကလည်း ခေါင်းဆောင်ကောင်းကို မရွေးချယ်နိုင်ခဲ့ကြဘူး။  ပါတီစုံ ရွေးကောက်ပွဲလို့သာ ပြောရတယ်။ အင်အားကြီး ပါတီတွေက ရေများ ရေနိုင်၊ မီးများ မီးနိုင်ပေါ့နော်” ဟုပြောသည်။

သူမ ရှုံးနိမ့်ရခြင်းမှာ အင်အားကြီးပါတီနှင့်ယှဉ်ကာ ခွဲခြားဆက်ဆံခံရ၍ ရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။  

“အစ်မတို့ ပါတီငယ်တွေက ၊ တစ်သီးပုဂ္ဂလတွေကိုကျတော့ စည်းရုံးခွင့်ကို ရွာမှာ အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က လူမစုရ၊ မလုပ်ရဆိုပြီး ကိုဗစ်ပြပြီး ဟန့်တားတယ်။ NLD ပါတီက လူတွေကျတော့ ဗွီနိုင်းတွေ ဆိုင်းဘုတ် တင်လို့ရတယ်။ စည်းရုံးခွင့်ရတယ်။ ဟောပြောခွင့်ရတယ်။ သူတို့ကိုယ်တိုင်က ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်တယ်။ တကယ့်တကယ် ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ ရွေးကောက်ပွဲ မဖြစ်တာကို အစ်မတို့ မြင်နေရတယ်ပေါ့နော်။”

ချင်းတိုင်းရင်းများပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူ ဦးထွန်းအောင်ကျော်ကလည်း ၄င်းတို့အနေဖြင့်  ရွေးကောက်ပွဲတွင် ဗွီနိုင်း၊ ဆိုင်းဘုတ်များဖြင့် မဲဆွယ်စည်းရုံးခွင့်မရရှိသလို သူတို့အားထားသည် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပခွင့်မရရှိခဲ့၍ ရှုံးနိမ့်ခဲ့ရသည်ဟုဆိုသည်။

“ဦးလေးတို့ပါတီအနေနဲ့ခွဲခြားဆက်ဆံတာမျိုး မခံရပေမယ့် ဦးလေးက မင်းပြားဇာတိဆိုတာ့ ဦးလေးအားထားတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပခဲ့ဘူး။  လွတ်လပ်စွာဆိုတာက ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့အတွက် ဟောပြောစည်းရုံးခွင့်တွေတော့မလုပ်ခဲ့ရဘူးပေါ့။ ချင်းတွေမှာ ချင်းမျိုးနွယ်စု မတူတာရှိတယ်။ အရှိုချင်းတွေ များတယ် တောင်ပိုင်းမှာက။ ဦးလေးတို့နဲ့ မျိုးနွယ်စုမတူဘူး။ အဲဒီဖက်က ပြိုင်တဲ့ ကိုယ်စားလှယ်တွေလည်း ရှိတယ်လေ။ အဲဒါကြောင့်တောင်ပိုင်းမှာ ဦးလေးက မနိုင်တာပေါ့” ဟုပြောသည်။

ရခိုင်ပြည်နယ်ရွေးကော်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှာ  မျှတမှု မရှိကြောင်း ပြောဆိုနေကြသည့်အပေါ် တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း ပြောသည်။

“အဲဒါတစ်ပြည်နယ်လုံးပါ။ ချင်းမဲဆန္ဒရှင်က ခုနစ်သောင်းကျော်က။ ရွေးကောက်ပွဲလုပ်လို့ရတဲ့နေရာက မဲဆန္ဒရှင်ပဲရှိမှာပေါ့။ မရတဲ့နေရာက မဲဆန္ဒရှင်တွေကို ဘယ်လိုလုပ်ထည့်လုပ်လို့ ရမလဲ” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအား လက်ရှိ ဝန်ကြီးဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဦးပုန်ဘွေမှ  အနိုင်ရရှိခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ် လက်ရှိ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးပုန်ဘွေအား ဆက်သွယ်ရာ ၄င်းမှာ မအားသဖြင့် မဖြေနိုင်ကြောင်း ပြောဆို၍ ဖုန်းချသွားခဲ့သည်။

ကျင်းပပြီးစီးသွားခဲ့သည့် ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား တသီးပုဂ္ဂလအဖြစ် ဦးစောမြ၊ မိုင်စုစုလှိုင်၊ ဦးကိုကိုနိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဦးပုန်ဘွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦး၊ ချင်းအမျိုးသား ပါတီမှ တစ်ဦး၊ အရှိုချင်းအမျိုးသားပါတီမှတစ်ဦးနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁ ဦး၊ စုစုပေါင်း (၈)တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဆက်စပ် သတင်းများ