တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီကြောင့် လက်နက်ကိုင်ဖို့ ရွေးချယ်လိုက်ရသည့် ရခိုင်လူငယ်များ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 17.7k

ရေးသားသူ-သျှင်မင်းဇံ 

ရခိုင်တွင် တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ရခိုင်လူငယ်အများအပြားသည် တော်လှန် တိုက်ပွဲဝင်ရန်အတွက်  မိမိတို့၏ အသိစိတ်ဓာတ်ဖြင့်  တပ်တော်ရှိရာ နယ်မြေများထဲသို့ တစ်သုတ်ပြီး တစ်သုတ် သွားရောက်နေကြသည်ဟု ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

ယခင်က သားသမီးများအား လက်နက်ကိုင်တော်လှန်ခြင်းကို အားမပေးခဲ့သလို ပညာရေးကိုသာ အားပေးခဲ့ကြသည့် မိသားစုများအထဲတွင်လည်း  ယခုအချိန်၌ သားသမီးများကိုပါ လက်နက်ကိုင်စေချင်သည့် စိတ်ဆန္ဒများ ပြင်းပြနေသည့် အပြင် တော်လှန်ရေးထဲသို့ သွားရန် တိုက်တွန်းမှုများလည်း ရှိနေကြောင်း ၎င်းကပြောဆိုသည်။

မင်းပြားမြို့နယ်မှ အသက် (၅၅) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ဆိုလျှင် သူကိုယ်တိုင် လက်နက်ကိုင်ချင်သေးကြောင်း ထုတ်ဖော် ပြောကြားသည်။

"အခုတော့ သားတစ်ယောက် အေအေကို ဝင်သွားပြီ။ သူက နောက်ဆုံးနှစ်တော့ စာမေးပွဲတော့ ဖြေသွားခဲ့သေးတယ်။ အခုသားသမီးတွေ သေနတ်ကိုင်တာကို မကန့်ကွက်တော့ဘူး။ ခွေး(စစ်သားတွေ)တွေ လုပ်နေတာတွေကို မကြိုက်လို့ပေါ့။ ကိုယ့်တိုင် သေနတ်ကိုင်ချင်သေးတယ်" ဟု ပြောသည်။ 

စစ်ကောင်စီ၏ ရခိုင်ပြည်သူများအပေါ် အစားအစာပြတ်လပ်ရန် ရည်ရွယ်၍ ပြုလုပ်သည့် ဖြတ်လေးဖြတ်ကျင့်သုံးမှုနှင့် လူနေကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူများအပေါ် မထင်လျှင် မထင်သလို ဖမ်းဆီးနှိပ်စက်နေသော ရက်စက်ကြမ်းကြုတ်မှုများသည်  အေးချမ်းစွာနေထိုင်နေကြသည့် သာမာန်အရပ်သားများကိုပါ နာကျည်းမှုဖြစ်စေခြင်းနှင့်အတူ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ရန် နှိုးဆွပေးလျက်ရှိသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က စပြီး တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်လူငယ်လူရွယ်အများအပြားသည် ထိုနာကြည်းမှုများနှင့်အတူ ရက္ခိုင့်တပ်တော်တွင် တာဝန် ထမ်းဆောင်ရန် မိသားစုများကို စွန့်ခွာကာ တော်လှန်ရေးနယ်မြေထဲ သွားနေကြသည်မှာ နေ့စဉ်ရက်ဆက်ဟု ဒေသခံများက ပြောသည်။

ရက္ခိုင့်တပ်တော်ကလည်း ရက္ခိုင်လူငယ်တွေကို ယနေ့ အရေးကြီးသောကာလတွင် တိုင်းပြည်တာဝန် ထမ်းဆောင်ကြရန် ဖိတ်ခေါ်နေသည်။

ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်းမှာ ရခိုင်လူငယ်များအနေဖြင့် ရခိုင်ပြည်ကို ယခုထက်ပိုပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အတွက်ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။

"ရခိုင်ပြည်နဲ့ ရခိုင်နိုင်ငံသားတွေကို ကာကွယ်ဖို့ အထူးအရေးကြီးတဲ့ ကာလဖြစ်တယ်။ ဒါကြောင့်မလို့ ရခိုင်ပြည်ရဲ့ လုံခြုံရေး၊ အနာဂတ်တည်တံ့ရေး၊ ပြည်သူတွေကို အခုထက်ပိုပြီး ကာကွယ်နိုင်ဖို့ အတွက်ဆိုရင် လူငယ်တွေအနေနဲ့ အခုလိုအပ်နေတဲ့ ကာကွယ်ရေးပိုင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးအရေးကြီးတာပေါ့နော်။ ကျနော်တို့က အမျိုးကိုချစ်ပါတယ်လို့ အော်နေရုံလောက်နဲ့ တော့ မပြီးဘူးဗျ။ ကျနော်တို့ရဲ့ ရခိုင်ပြည်သူတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် အရေးကြီးတယ်။ ဒါကြောင့်ကျနော်တို့ရဲ့ လူငယ်တွေအားလုံး၊ တာဝန်ထမ်းနိုင်တဲ့လူတွေအားလုံးဟာ အခုချိန်မှာ ရခိုင်ပြည်ကာကွယ်ရေးကိစ္စတွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ အထူးအရေးကြီး ပါတယ်" ဟု ၎င်းကပြောဆိုသည်။ 

ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင်လည်း ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများ အပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် " Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါကြောင်း ဖော်ပြထားသည်။

ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကောင်စီက ပြည်သူများကိုသာမက တက္ကသိုလ်ကျောင်းအတွင်း ကျောင်းသားများအား လူသားဒိုင်းသဖွယ် ပြုလုပ်နေခြင်းများ၊ ကျောင်းသားများအား မတရားဖမ်းဆီးခြင်းတို့ကြောင့် ကျောင်းသား/သူများက စာသင်ခန်းထက် တော်လှန်ရေးအပေါ် ပိုမို အာရုံစိုက်လာခဲ့သည်ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုဦးသန်းနိုင်က နိရဉ္စရာကို ပြောသည်။

"ကျောင်းသားတွေ၊ ပြည်သူတွေကို လူသားဒိုင်းသဖွယ်လုပ်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေရှိတယ်။ ကျောင်းသားတွေကို ဖမ်းဆီးတာတွေ၊ တရားစွဲဆိုတာတွေ ရှိနေတော့ ကျောင်းတက်ရချိန်မှာ မလုံခြုံမှုတွေဖြစ်စေတယ်။ အဲဒါတွေကြောင့် ကျောင်းသူ/ သားတွေက တော်လှန်ရေးကို စာသင်ခန်းထက် ပိုအာရုံစိုက်လာတဲ့အတွက် ကျနော်တို့ တော်လှန်ရေးအတွက် ပိုလို့ အားကောင်းတဲ့ ရလဒ်တစ်ခုဖြစ်လာပါတယ်။ တာဝန်ထမ်းဆောင်ဖို့သွားတဲ့ ကျောင်းသားလူငယ်တွေကို ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်" ဟု ပြောသည်။

ရခိုင်လူငယ်များအား ရက္ခိုင့်တပ်တော်တွင် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ထားပြီးနောက် လူငယ်အများအပြားသည် စက်လှေများဖြင့် လာရောက်ကြသည့် ပုံများလည်း ဆိုရှယ်မီဒီယာများပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

ယင်းအပြင် ရခိုင်ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများ၊ လူငယ်များကို ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်နေခြင်း များကပင်လျှင် လွတ်မြောက်ချင် စိတ်ပြင်းပြနေသည့် လူငယ်များအား ရက္ခိုင့်တပ်တော်ထဲကို အင်အားအများကြီး ရောက်သွားအောင် စစ်ကောင်စီအနေဖြင့် ၎င်းတို့ကိုယ်တိုင် တွန်းပို့နေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ရခိုင်နိုင်ငံရေးသုံးသပ်သူလည်းဖြစ်သည့် ဦးအောင်သောင်းရွှေက ထောက်ပြသည်။

"ဖိနှိပ်မှုများရင် တွန်းကန်မှုတွေ များလာမယ်။ အဲဒါက နိယာမရဲ့ သဘောတစ်ခုပါပဲ။ အခုလို ပြည်သူတွေ အပေါ် ဖိနှိပ်မှုတွေ များလာရင် လွတ်လပ်လိုစိတ် များလာမယ်။ အဲဒါက သဘာဝပါပဲ။ ရခိုင်ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ လူငယ်တွေကို ဖမ်းဆီးနှိပ်စက်မှုတွေလုပ်ဆောင်နေတာတွေကိုက ဒီနေ့အချိန်အခါမှာ တပ်တော်ထဲကို အင်အားအများကြီးရောက်အောင် စစ်ကောင်စီအနေနဲ့ တွန်းပို့လိုက်သလို သူတို့လုပ်ရပ်တွေကိုက လူတွေကို နာကျည်းစေပြီး တော်လှန်ရေးဘက်ကို ဦးတည်စေတယ်လို့ ပြောလို့ရပါတယ်" ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် အစ္စရေးနှင့် ပါလက်စတိုင်း စစ်ပွဲတွင် အခြားနိုင်ငံများသို့ ရောက်နေကြသည့် အစ္စရေးနိုင်ငံသားများသည် မိမိနိုင်ငံအတွက် တာဝန်ထမ်းဆောင်ရန် ပြန်လာကြသကဲ့သို့ ရခိုင်ပြည်သူများလည်း ရောက်သည့် အရပ်၊ ကြားသည့် နေရာမှ လာရောက် တာဝန်ထမ်းရန် စိတ်ရှိနေခြင်းသည် အနာဂတ်ရခိုင်ပြည်နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် အလွန်အားရစရာကောင်းကြောင်း ဦးအောင်သောင်းရွှေက ဆက်ပြောသည်။

လက်ရှိရခိုင်ပြည်တွင် ပိုမိုပြင်းထန်သည့် တိုက်ပွဲများဖြစ်လာရန် စစ်ရိပ်စစ်ငွေ့များသန်းနေပြီး ဗုံးသံအမြောက်သံများနှင့်အတူ ရခိုင်လူငယ်များ၏ တောက်ခေါက်သံ၊ ကြုံးဝါးသံများမှာ မိုးယံထဲတွင် ပျံ့လွင့်နေသည်သာမ အားကြိုးမာန်တက် သင်တန်းတက်နေကြသည့် ရခိုင်လူငယ်များ၏ 'ဘယ်ညာ ဘယ်ညာ' အော်သံများသံများက ရိုးမတောင်ရိပ်အောက်တစ်ခုလုံးတွင် အားတက်စဖွယ် ပျံ့လွင့်နေသည်။

တကယ်တော့ ရက္ခိုင့်တပ်တော်ကလည်း ရခိုင်အသွေးအသား လူငယ်မျိုးဆက်များဖြင့်တည်ဆောက်ထားသော တပ်တော်ဖြစ်သဖြင့် ရခိုင်တိုင်းပြည် ရခိုင်လူမျိုးအတွက် အနစ်နာခံ ပေးဆပ်ရမည့်တာဝန်မှာ ရခိုင်လူငယ်တိုင်းတွင်ရှိသည်ဆိုလျှင် မှားအံ့မထင်ပါ။

"ကျွန်သဘောက်ဘ၀ဖြင့် အသက်တစ်ရာနေရခြင်းထက် တိုက်ပွဲဝင်ရင်း သေဆုံးရခြင်းက ပို၍ မြတ်သည်" ဆိုသည့် ဆောင်ပုဒ်နင့်အညီ စစ်ကျွန်ဘ၀ဖြင့် အသက်ရှင်ရခြင်းထက် အမျိုးသားရေး၊ လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရရှိရေးတို့အတွက် တိုက်ပွဲဝင်ရင်း သေဆုံးရခြင်းက ပိုမွန်မြတ်သည်မဟုတ်ပါလော။

စစ်ကောင်စီတပ်၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုအောက်မှ လွတ်မြောက်ရန်အတွက် လက်နက်ကိုင်တော်လှန်ရန်  တော်လှန်ရေးနယ်မြေထဲသို့ အလုံးအရင်းဖြင့် သွားနေကြသည့် အားကောင်းမောင်းသန် ရခိုင်လူငယ်များအားလုံး၏ စွန့်လွတ်စွန့်စား စိတ်ဓာတ်များသည်ကား အနာဂတ်အတွက် ရောင်နီဦးပင်ဖြစ်ပြီး ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ အတိပင် ဖြစ်နေပေတော့သည်။

(မှတ်ချက်- ဆောင်းပါးရှင် သျှင်မင်းဇံသည် နိရဉ္စရာသတင်းဌာနတွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်လူငယ်တစ်ဦးဖြစ်ပြီး သူ့အတွေး၊ သူ့အမြင်ကို ရေးသားထားခြင်းဖြစ်ပါသည်။)



ဆက်စပ် သတင်းများ