ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် စက်လှေချင်းတိုက်မိရာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 797


ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့ စက်လှေချင်းတိုက်မိမှုဖြစ်ပွားရာမှ စက်လှေပေါ်ပါ အမျိုးသမီးတစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသူမှာ ကျောက်တော်မြို့နယ် ပေါက်လေတောင်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ်လှမိုးကြည်ဖြစ်သည်။
သူမသည် ယနေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ပေါက်လေတောင်ကျေးရွာမှ စက်လှေငယ်တစ်စီးဖြင့် မြောက်ဦးသို့သွားစဉ် မြောက်ဦးမြို့နယ် ကုလားကချောင်းကွေ့အတွင်း ကဒဝကျေးရွာဘက်မှ ထွက်လာသည့်အခြားစက်လှေတစ်စီးဖြင့် တိုက်မိရာမှ စက်လှေတိမ်းမှောက်မှုဖြစ်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ပေါက်လေတောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“သူက ဟင်းသီးဟင်းရွက်တွေရောင်းပါတယ်။ အဲဒါ မြောက်ဦးကိုသွားပြီး ပစ္စည်းသွားတင်တာ။ ရွာက စက်လှေငယ်လေးနဲ့။ အဲဒီမှာ ချောင်းအကွေ့မှာ သူတို့စီးလာတဲ့စက်လှေထက်နည်းနည်းကြီးတဲ့ စက်လှေတစ်စီးက လာတာနဲ့ တိုက်မိသွားတာ။”ဟု ပြောသည်။
ပျောက်ဆုံးနေသည့်အမျိုးသမီးအား ယနေ့ညနေ ၇ နာရီအထိ ရှာမတွေ့သေးကြောင်း ပေါက်လေတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က ပြောသည်။
“သူနဲ့အတူ စက်လှေမောင်းသူနောက်တစ်ယောက်ပါပါတယ်။ တိုက်မိတော့ ကျွန်တော်တို့ရွာက စက်လှေက ငယ်တော့ မှောက်သွားတယ်။ အဲဒီစက်လှေမှာ မောင်းတဲ့သူနဲ့ လှမိုးကြည်ပဲ ပါတာ။ မောင်းတဲ့သူကတော့ ကမ်းပေါ်ကို တက်ပြီးရောက်သွားပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ ရှာမတွေ့တော့ဘူးပေါ့။”ဟု ၄င်းက ပြောသည်။
လက်ရှိတွင် ပျောက်ဆုံးနေသူအား မိသားစုဝင်များနှင့် ကဒဝကျေးရွာမှ ဒေသခံများက ရှာဖွေလျက်ရှိကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ