ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မြောက်ဦးတွင် အမျိုးသမီးတစ်ဦး မော်တော်ဆိုင်ကယ်တိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ လေးမြို့စားရပ်ကွက်တွင် ယမန်နေ့ညနေပိုင်းက ဆိုင်ကယ်တိုက်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်မှ ဒေါ်မညိုစိန် (၆၁ နှစ်) ဖြစ်သည်။
ယမန်နေ့ အောက်တိုဘာ ၆ ရက် ညနေ ၇ နာရီခန့်တွင် သူမနေထိုင်သည့် ညောင်ပင်စျေးရပ်ကွက်မှ လေးမြို့စားရပ်ကွက်ရှိ သူမ၏ကန်စွန်းခင်းသို့ဟင်းခူးသွားပြီး လမ်းလျှောက်ပြန်လာစဉ် မြောက်ဦးရဲစခန်းအဝင်ပေါက် ငွေတောင်ပေါက်တံတားအနီး ဆိုင်ကယ်တစ်စီးကဝင်တိုက်၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ညောင်ပင်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြထွန်းသာက “ဆိုင်ကယ်တိုက်ပြီးဆုံးသွားတယ်။ တိုက်သွားတဲ့ လူက ထွက်ပြေးသွားတာ ထင်တယ်”ဟု ပြောသည်။
သေဆုံးသွားသောသူတွင် မျက်နှာတစ်ခုလုံးပျက်စီးသွားပြီး အခင်းဖြစ်ပွားသည့်နေရာ၌ သွေးထွက်လွန်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း မြောက်ဦးဒေသခံ ဦးမောင်ညိုက ပြောသည်။
“ဒဏ်ရာက ပြင်းတယ်။ မျက်နှာ တစ်ခုလုံးပျက်စီးသွားတာ။ သူခူးလာတဲ့ ကန်စွန်းခြင်းတောင်းနဲ့ဖိနပ်တွေလည်း ပြန့်ကျဲနေတယ်။ ဆေးရုံကို ပို့လိုက်တယ်။ ရဲတွေကတော့ သူဆုံးပြီးမှ ရောက်လာတာ။ စုံစမ်းနေကြတယ်”ဟု ပြောသည်။
လက်ရှိတွင် အလောင်းအား ယနေ့နံနက် ၈ နာရီက မြောက်ဦးမြို့နယ်ဆေးရုံမှ မြောက်ဦးမြို့ မင်းသားကျွန်းသုသာန်သို့ပို့ဆောင်သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက်ကလည်း မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ မိသားစု ၃ ဦး ကျောက်တော်တွင် ပက်ကျိရောင်းပြီး အိန္ဒိယသုံးဘီးဆိုင်ကယ်ဖြင့်ပြန်လာစဉ် မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီး လျှာရှည်ပြင်ကျေးရွာထွက်ဝ ကားလမ်းမကြီးတွင် ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
ယခုဖြစ်စဉ်နှစ်ခုလုံးတွင် ပြစ်မှုကျူးလွန်သူတို့သည် အခင်းဖြစ်ပြီးသည်နှင့် ထွက်ပြေးသွားခဲ့ကြသည်ဟုလည်း ဒေသခံများနှင့် မျက်မြင်များက ပြောကြသည်။

ဆက်စပ် သတင်းများ