တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

နေတိုး အစည်းအဝေးစတင်ရန် နာရီပိုင်းအလိုတွင် ကိယက်ဗ်မြို့အား ရုရှားကလေကြောင်းမှတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 346

လစ်သူယေးနီးယားနိုင်ငံတွင် နေတိုးအစည်းအဝေး မစတင်မီ နာရီပိုင်းအလို အင်္ဂါနေ့ မနက်စောစောပိုင်းက ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့အား ရုရှားက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကိယက်ဗ်မြို့တွင် လေကြောင်းအချက်ပေးဥဩသံများနှင့် ပေါက်ကွဲသံများ ဆူညံသွားခဲ့သည်ဟု သိရသည်။

ကိယက်ဗ်မြို့ စစ်ဘက်အုပ်ချုပ်ရေးအကြီးအကဲ ဆာဟီ ပေါ့ကိုက ရန်သူ(ရုရှား) များသည် ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ကိယက်ဗ်မြို့အား လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း သူ​၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြခဲ့သည်။

 ကနဦးသတင်းများအရ ယူကရိန်းလေကြောင်းကာကွယ်ရေးစနစ်သည် ရုရှားက ပစ်လွှတ်လိုက်သည့် အီရန်လုပ် ရှာဟက် ဒရုန်းများအားလုံးကို ပစ်မှတ်မရောက်မီ ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ပျက်စီးမှု နှင့် သေဆုံးထိခိုက်မှု အတိအကျမသိရသေးဟု ဆိုသည်။

 

ရိုက်တာသတင်းဌာနက ကိယက်ဗ်မြို့တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ကြားခဲ့ရသည်ဟု ဆိုသည်။

 

လစ်သူယေးနီးယားနိုင်ငံ၊ ဗီးလ်နီးယပ်စ်မြို့၌ ကျင်းပမည့် နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးအတွင်း ရုရှား​၏ ယူကရိန်းကျူးကျော်မှု အကျိုးဆက်များကို ဆွေးနွေးကြမည်ဖြစ်ပြီး စစ်အေးကာလနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ရုရှား​၏ ထပ်မံတိုက်ခိုက်လာနိုင်မှုများကို နေတိုးအဖွဲ့က တုံ့ပြန် ကာကွယ်မည့် စီမံချက်များ စုပေါင်းအတည်ပြုကြမည်ဟု သိရသည်။

 

ရုရှားသည် အမေရိကန်နှင့် သူ​၏ မဟာမိတ်နိုင်ငံများအား ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ သတိပေးထားပြီး အကယ်၍ ယူကရိန်းအား နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိုက်လျှင် ပြတ်သားသည့် တုန့်ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဟု ဆိုသည်။

 

ရုရှား​၏ အိမ်နီးချင်း ယူကရိန်းအပေါ် ကျူးကျော်မှုမှာ ယခုအခါ ၅၀၃ ရက်မြောက်အထိရှိလာပြီး ပြီးဆုံးရန် လမ်းစမမြင်ရသေးပေ။

 

လူပေါင်း ထောင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရပြီး သန်းပေါင်းများစွာ အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရကာ ယူကရိန်အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့များမှာ မြို့ပျက်များအဖြစ်သို့ ရောက်ရှိခဲ့ရသည်။

 

NN-27

Ref: Reuters

 

ဆက်စပ် သတင်းများ