သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ကုန်သင်္ဘောတစ်စီးအား ဟူသီသူပုန်များက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်၍ ဖိလစ်ပိုင်သင်္ဘောသား နှစ်ဦးနှင့် ဗီယက်နမ်သင်္ဘောသားတစ်ဦး သေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 554

ယီမင်မြောက်ပိုင်းရှိ ဟူသီလက်နက်ကိုင်သူပုန်များသည် အေဒင်ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားသော ကုန်တင်သင်္ဘောတစ်စီးကို ဗုဒ္ဓဟူးနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောပေါ် လိုက်ပါလာသည့် ဖိလစ်ပိုင် သင်္ဘောသား နှစ်ဦး နှင့် ဗီယက်နမ်သင်္ဘောသားတစ်ဦးတို့ သေဆုံးသွားသည်ဟု သိရှိရသည်။

ပင်လယ်နီအတွင်း ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘောများကို ယီမင် ဟူသီသူပုန်များက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပေါ်နေသော်လည်း ယခုတစ်ကြိမ်တွင် လူသေဆုံးမှု ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့သည်။

အခြားသောဖိလစ်ပိုင်သင်္ဘောသားတစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဖိလစ်ပိုင်ရွှေ့ပြောင်းအလုပ်သမားဌာနက ပြောကြားသည်။

True Confidence အမည်ရှိ ကုန်တင်သင်္ဘောသည် ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် ပင်လယ်ထဲ မျောနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်ရန် ကြိုးစားနေသည်ဟု သင်္ဘောပိုင်ရှင်များက ဆိုသည်။

အိန္ဒိယရေတပ်သင်္ဘောတစ်စီးက ကုန်သင်္ဘောပေါ်မှ ဝန်ထမ်းများအားလုံးကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ဂျီဘောက်တီသို့ ခေါ်ဆောင်သွားပြီး ဒဏ်ရာရသူများကို ဒေသဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ဟူသီသူပုန်များသည် ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှစ၍ ပင်လယ်နီအတွင်း ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်လျှက်ရှိပြီး ယခုပထမဆုံးအကြိမ် လူ့အသက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မိမိတို့သင်္ဘောများနှင့် သင်္ဘောသားများ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် ယခုအခါ သင်္ဘောပိုင်ရှင်များသည် အဆိုပါရေလမ်းကြောင်းကို ရှောင်ကွင်းမောင်းနှင်ရန် ကြိုးပမ်းမှုများ ရှိလာသည်။

ပစ်ခတ်ခံရသည့် True Confidence ကုန်သင်္ဘောပေါ်တွင် သင်္ဘောသားဝန်ထမ်း ၂၀ ဦး လိုက်ပါလာပြီး ၄င်းတို့ထဲတွင် အိန္ဒိယ တစ်ဦး၊ ဗီယက်နမ် လေးဦး နှင့် ဖိလစ်ပိုင် ၁၅ဦး ပါဝင်သည်။

လက်နက်ကိုင်အစောင့်အဖြစ် သီရိလင်္ကာနှစ်ဦးနှင့် နီပေါတစ်ဦးလည်း လိုက်ပါလာသည်ဟု သင်္ဘောပိုင်ရှင်က ဆိုသည်။

ယီမင်နိုင်ငံ၏ အစိတ်အပိုင်းအများစုကို ထိန်းချုပ်ထားပြီး အီရန်ကထောက်ခံအားပေးနေသော ဟူသီသူပုန်များသည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၁၁:၃၀နာရီတွင် ကုန်တင်သင်္ဘောအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဟူသီတို့က အစ္စရေးတို့တိုက်ခိုက်နေသော ဟားမတ်စ်တို့ဘက်မှ အမြဲထောက်ခံအားပေးနေမည်ဖြစ်ပြီး ဂါဇာမှ အစ္စရေးတပ်များ မဆုတ်ခွါမချင်း ယခုကဲ့သို့ တိုက်ခိုက်မှုများပြုလုပ်နေမည်ဟု ဆိုသည်။ NN-27/ Ref:Bangkok Post

ဆက်စပ် သတင်းများ