ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ်က ပြည်နယ်လွှတ်တော် အမှတ်(၂)မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာတင်မာအောင်နဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

ဆောင်းဇာခြည်မေးမြန်းသည်။
၉-၁ဝ-၂ဝ၂ဝ

မေး - ပထမဆုံးအနေနဲ့ ဘယ်ပါတီကိုယ်စားပြု ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလဲဆိုတာ သိပါရစေ။
ဖြေ - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကိုယ်စားပြုပြီးတော့ တောင်ကုတ် ပြည်နယ်လွှတ်တော် အမှတ် (၂) နယ်မြေကနေ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မေး - ဘာကြောင့် ဒီရွေးကောက်ပွဲမှာမှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ရတာပါလဲ။
ဖြေ - ဘာကြောင့်လဲဆိုတော့ အဖေ့နာမည်နဲ့ တည်ထောင်ထားတဲ့ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းနဲ့ ကျွန်မ ၂ဝ၁၅ လောက်ကတည်းက လုပ်နေတာပါ။ ဒါပေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ်။ ရေကန်တွေ ဆောက်လုပ်ပေးတယ်။ ကျောင်းတွေကိုလည်း ကူညီပေးတယ်။ ဆေး ကုပေးတာတွေလည်း ရှိတယ်။ နောက်ပြီး မြောက်ဦး ကမ္ဘာ့အမွေအနှစ်ကိစ္စနဲ့ပတ်သက်လို့လည်း လုပ်တာတွေ ရှိပါတယ်။ ဒါပေမယ့် ဘာဖြစ်လာလဲ ဆိုတော့ ရခိုင်ပြည်နယ်ဟာ ၂ဝ၁၆ ကတည်းက ဒီမိုကရေစီ အစိုးရဆိုပြီးတော့ ပြည်သူကနေ တင်မြှောက်တဲ့ အစိုးရက အာဏာရလာပေမယ့်လည်း ရခိုင်ပြည်နယ်က ဆင်းရဲတွင်း နက်သထက် နက်လာတယ်။ တရားဥပဒေစိုးမိုးရေးလည်း မရှိတဲ့အခါ လွှတ်တော်ပြင်ပကနေ ပြောလို့မရတာကို သိလာပါတယ်။ စစ်ဘေးရှောင်တွေကိုလည်း အကူညီပေးခဲ့တာတွေ ရှိပါတယ်။ အဲဒါက မထိရောက်တဲ့အတွက်ကြောင့် လွှတ်တော်ကနေဆိုရင် ဘာပဲဖြစ်ဖြစ် တရားဝင်ပြောနိုင်ဆိုနိုင်ရှိလာမယ်ဆိုတာကို သိတဲ့အတွက်ကြောင့်၊ ထိထိရောက်ရောက်လုပ်နိုင်တယ်ဆိုတာကို သိတဲ့အတွက်ကြောင့်မို့ နိုင်ငံရေးထဲမှာဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်လာတာပါ။ ပြီးတော့ ပြည်နယ်ကနေ ပြိုင်တာကတော့ ပြည်နယ်ကနေ ပြိုင်ရင် ရခိုင်ပြည်သူ/ပြည်သားတွေနဲ့လည်း နီးနီးကပ်ကပ်လည်း သူတို့နဲ့ ပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင်စွာကို သိလို့ပါ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး လုပ်ပေးနိုင်မယ်လို့ ယုံကြည်အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာက  ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရတာပါ။

မေး - အနိုင်ရခဲ့ရင်ရခိုင်လူထု အတွက် ဘာတွေ လုပ်ပေးသွားမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ - အနိုင်ရသွားရင်တော့ ကျွန်မက ဆရာဝန်ဖြစ်တဲ့အခါ နောက်ပြီး UNICEF ယူနီဆက်မှာလည်း ၁၅ နှစ်လောက် ပညာရေးပိုင်းမှာ လုပ်ထားတဲ့အတွက်ကြောင့် ပညာရေးနဲ့ ကျန်းမာရေးကိုတော့ ကျွမ်းကျင်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့အတူတူ ပြိုင်နေတဲ့လူတွေက စီးပွားရေးလုပ်တာတွေ ရှိပါတယ်။ သူတို့က စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ နားလည်ကြတယ်။ ကျွန်မ ဒီတောင်ကုတ်ကို ရောက်တဲ့အခါမှာလည်း လူတွေနဲ့ ပြောဆိုတဲ့အခါမှာ ဒီမှာက စိုက်ပျိုးရေး၊ မွေးမြူရေး နောက်ပြီး တောင်တန်းတွေလည်း ရှိတယ်။ ရွာတွေကို သွားတဲ့အခါမှာလည်း စိုက်ပျိုးရေးက စနစ်တကျ လုပ်နိုင်ရင် ပိုပြီး အောင်မြင်နိုင်တယ်။ ပြီးတော့ တောင်ကုတ်က အရင်တုန်းကတည်းက စီးပွားရေးမြို့တစ်မြို့ဖြစ်တယ်။ သေချာ စီးပွားရေးအတွက် စီမမံကိန်းရေးဆွဲ လုပ်နိုင်ရင် ပိုအောင်မြင်မှု ရရှိနိုင်တယ်။ အဲဒါတွေကို ဦးစားပေးပြီးတော့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးမှ သူတို့က ဘာကိုစိတ်ဝင်စားလဲ၊ ဘာကို အဓိကလိုအပ်လဲဆိုတာကို ကြည့်ပြီးမှ လုပ်ဖို့လို့တော့ စဉ်းစားထားပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ပါတီရဲ့ မူဝါဒလည်း ဖြစ်တဲ့ တန်းတူအခွင့်ရေး အဲဒါတွေကိုလည်း တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ဘာလုပ်လို့ရလဲ၊ ဒီဖွဲ့စည်းပုံ ၂ဝဝ၈ ဘောင်အတွင်းကနေ။ အဲဒါတွေကိုလည်း ရှာပြီး သူတို့ဒီဒေသမှာ လိုတာတွေကို ရှာပြီး ဦးစားပေးပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - ကျွန်မတို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က သမိုင်းအစဉ်အလာနဲ့ လွန်ခဲ့တဲ့ နှစ် ၃ဝ ကနေ တည်ထောင် ခဲ့ပါတယ်။ အဲဒီကတည်းက ဖက်ဒရယ်ဒီမိုကရေစီနဲ့  တန်းတူအခွင့်အရေး၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရေးကို တစ်စိုက်မတ်မတ်လုပ်ခဲ့ပါတယ်။ အခုမှ ပေါ်လာတဲ့ ပါတီလည်း မဟုတ်ဘူး။ နောက်ပြီး လွတ်လွတ်လပ်လပ်နဲ့ ကိုယ်တို့ရဲ့ ရည်မှန်းချက်တွေကို လုပ်တဲ့ ပါတီလည်းဖြစ်တယ်။ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။ နောက်ပြီး ကိုယ်စွမ်းကိုယ်စနဲ့ တက်လာတဲ့ လူတွေက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲကို ဝင်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ပါတီကို အားပေးကြပါလို့ ပြောချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သန့်ရှင်းတဲ့အစိုးရ၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးဖို့အတွက်ကို ကြိုးစားဖို့အတွက်ကို ဝင်လာတာဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားအတွက် ဝင်လာတာ မဟုတ်ဘူး။ ရခိုင်ပြည်သူ အကျိုးစီးပွားကို ရှေ့တန်းကနေ ထားပြီး ပြည်သူတွေနဲ့အတူတူ တည်ဆောက်ဖို့ဖြစ်တဲ့အတွက်ကြောင့် အားပေးကြပါလို့ ပြောချင်ပါတယ်။

(ပြီး)

ဆက်စပ် သတင်းများ