ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဧရာဝတီတိုင်းဒေသကြီးမှ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာလွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ရှိရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 855

အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂၂ / ၂ဝ၂ဝ

မေး - ဆရာအနေနဲ့ မိတ်ဆက်ပြောကြားပေးပါ။ ဆရာ့အနေနဲ့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ဘယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါလဲ။
ဖြေ - ကျွန်တော့်နာမည် ဦးဇော်အေးမောင်လို့ခေါ်ပါတယ်။ ကျွန်တော်ကတော့ အရင် ၂ဝ၁ဝ က ၂ဝ၁၅ ထိရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာကို ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။  ပြီးတော့ ၂ဝ၁၅ ကနေပြီးတော့ ၂ဝ၂ဝ ထိကိုလည်းပဲ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့ပါတယ်။ အခု ၂ဝ၂ဝ ရွေးကောက်ပွဲမှာတော့ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး ဧရာဝတီတိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ် နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း စည်းရုံးရေးများကို ဆောင်ရွက်နေပါတယ်။

မေး - ဆရာအနေနဲ့ အရင်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရန်ကုန်တိုင်းက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်။ အခုလက်ရှိမှာ ဧရာဝတီတိုင်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဆိုတော့ ဘာကြောင့်များ ပြောင်းလဲပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါလဲ။
ဖြေ - ကျွန်တော်ဟာ ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားများရဲ့ ရေးရာကိစ္စများကို ကျွန်တော် ဆောင်ရွက်တာ ၁ဝ နှစ်ရှိပါပြီ။ ဧရာဝတီတိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားများရဲ့ ရေးရာကိုလည်းပဲ ကျွန်တော် ဆောင်ရွက်ဖို့တွက် လာရောက်ပြီးတော့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့။ ဆရာရဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ဖို့ ရွေးကောက်ကိုပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း အကြောင်းအရင်း၊ ရည်ရွယ်ချက်လေး ပြောပြပေးပါလား။
ဖြေ - ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုး၊ အဲဒီအောက်မှာ လူမျိုး ၁၃၅ မျိုးရှိပါတယ်။ အဲဒီ ၁၃၅ မျိုးဟာမိမိရဲ့ မူရင်းဒေသမဟုတ်တဲ့ ကျန်တိုင်း ဒေသကြီး ၊ ပြည်နယ်အသီးသီးမှာ အခြေချနေထိုင်လို့ အဲဒီလူဦးရေဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ (ဝ ဒဿမ ဝ၁) ရာခိုင်နှုန်းနဲ့ အထက် ရှိတယ်ဆိုလို့ ရှိရင် အဲဒီတိုင်းရင်းသားရေးရာများကို ဆောင်ရွက်နိုင်ရေး အတွက် ကျွန်တော်တို့ တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ ရွေးချယ်ရမှာ  ဖြစ်ပါတယ်။ လွှတ်တော်မှာ တိုင်းရင်းသားရေးရာများကို  ဥပဒေပြုရေးမှာ ပါဝင်နိုင်ဖို့အတွက် လွှတ်တော်မှာ တစ်နေရာ ပေးရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံပုဒ်မ ၁၅ မှာ ပြဋ္ဌာန်းထားပါတယ်။ ပြီးတော့တခါ အဲဒီ ပုဒ်မ ၁၅ အရ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို သက်ဆိုင်ရာတိုင်းရင်းသားရေးရာများကို ဆောင်ရွက်နိုင်ရေး အတွက် ပုဒ်မ(၁၇၊ဂ)မှာ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရတွေမှာ သက်ဆိုင်ရာတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ပေးရမယ်လို့ ပါတဲ့အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ပေးရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဧရာဝတီတိုင်းမှာ ရှိတဲ့ တိုင်းရင်းသားများအတွက် လွှတ်တော်မှာ တို်င်းရင်းသားများ ရေးရာကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော်မှာလည်း ဥပဒေပြုရေးမှာ ပါဝင်နိုင်အောင် ဧရာဝတီမှာရှိတဲ့ ရခိုင်တိုင်းရင်းသားများရဲ့ ရေးရာများကိုလည်း ဆောင်ရွက်နိုင်အောင်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။

မေး - ရန်ကုန်တိုင်းမှာလည်း ရခိုင်တိုင်းရင်းသားရေးရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် တွေရှိသလို ဒီဧရာဝတီတိုင်းမှာလည်း ဘယ်နှဦးလောက်များ ရှိနေပါလဲ။
ဖြေ - ကျွန်တော်နဲ့ ယှဉ်ပြိုင်မဲ့လူ ၅ ယောက်ရှိပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ UDP ပါတီကဖြစ်တဲ့ အတွက် မပါတော့ပါဘူး။ အခု အားလုံး ကျွန်တော်အပါအဝင် ၄ ယောက်ရှိပါတယ်။

မေး - ဆရာ့အနေနဲ့ ဧရာဝတီတိုင်းမှာ အနိုင်ရရှိခဲ့ရင် အဲဒီဒေသမှာ ရှိတဲ့ ရခိုင်လူမျိုးတွေအတွက် ဘယ်လိိုတွေလုပ်ဆောင်သွားဖို့  မျှော်လင့်ထားတွေ ရှိပါသလဲ။
ဖြေ - ကျွန်တော်ဧရာဝတီတို်င်းမှာ အခုရောက်လာတဲ့အခါ ဧရာဝတီတို်င်းက ရခိုင်တိုင်းရင်းသားများဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစရေးရာတွေပေါ့နော် တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ဖို့ ကျန်ရှိနေတာကို တွေ့ရပါတယ်။ များသောအားဖြင့် ငပုတောမြို့နယ်မှာရှိတဲ့ ရခိုင်ရွာတွေမှာ သူနာပြုမရှိဘူး။ ရခိုင်ရွာတွေ စီးပွားရေးဆောင်ရွက်ရတာ အများကြီး ဒုက္ခရောက်နေကြတယ်။ နောက်ပြီးတော့ ကျန်းမာရေး မှာလည်း ကူညီစောင့်ရှောက်မှုတွေ နည်းနေတယ်။ အဲဒါမျိုးတွေ လမ်းပန်းဆက်သွယ်ရေးကအစ၊ အဲဒါတွေဟာ လွှတ်တော်မှာရော တိုင်းဒေသကြီးမှာရောအများကြီး ပြောဖို့ဆိုဖို့ အများကြီး လိုအပ်နေတာ တွေ့ရပါတယ်။ အဲဒါတွေကို ကျွန်တော်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ကတိပေးပါတယ်။

မေး - အခုလက်ရှိမှာ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆရာ့ အနေနဲ့ အမြင်ကို ပြောပြပေးပါလား။
ဖြေ - နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးဆိုတာ အရမ်းအရေးကြီးပါတယ်။ ငြိမ်းချမ်းရေးမရှိတဲ့ နိုင်ငံဟာ ဘယ်တော့မှ မတိုးတက်ပါဘူး။ အဲဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံးကိစ္စဟာ ငြိမ်းချမ်းရေးဖြစ်ပါတယ်။  ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်က အဓိက အစိုးရပေါ့နော်၊ အစိုးရရယ် တခြားတခြားသော အဖွဲ့စည်း အားလုံးကို အမြန်ဆုံးငြိမ်းချမ်းရေး ရအောင် စားပွဲပေါ်မှာ ထို်င်ပြီးတော့ ဆွေးနွေးဖို့ကို အကြံ ပြုချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခုရွေးကောက်ပွဲများမလုပ်တဲ့ အတွက် နိုင်ငံရေးဘောင်ဟာ ကျဉ်းသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဘောင်ကျဉ်းသွားရင် စစ်ရေးဘောင်ဟာ ကျယ်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်တဲ့ မြို့နယ်များကို ပြန်လည်သုံးသပ်ပြီးတော့ တချို့ မြို့နယ်များကို ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ကို ကျွန်တော် UEC ကို ညီမတို့ သတင်းဌာနက တစ်ဆင့် မေတ္တာရပ်ခံချင်ပါတယ်။

မေး - လက်ရှိမှာပေါ့နော် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အခက်ခဲတွေရင်ဆိုင်နေရတာတွေရှိတယ်လို့ကြားနေရပါတယ်။ ရွေးကောက်ပွဲကို ၉ မြို့နယ်က မလုပ်ရဘူးဆိုတော့လေ။ ဒီ ဧရာဝတီတိုင်းမှာပါရော ဆရာ့အနေနဲ့ အခက်အခဲတစ်စုံတစ်ရာများ ရှိပါလား။
ဖြေ - ရွေးကောက်ပွဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေမှာ ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ဦးသည် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရက်ပေါင်း ၆ဝ စည်းရုံးခွင့်ရှိရမယ်လို့ပါပါတယ်။ အခု ကိုဗစ်ရောဂါဖြစ်တာရယ် တခြားတခြားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုများကြောင့် ကျွန်တော်တို့ဟာ ရက်ပေါင်း ၆ဝ လုံး လူများကို စည်းရုံးခွင့်မရပါဘူး။ ပြသနာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်အောင် အားလုံးနဲ့ ညှိနှိုင်းပြီးတော့ ရသလောက်ကို စည်းရုံးဆောင်ရွက်နေပါတယ်။ အမှန်မှာကတော့ လွတ်လပ်ပြီးတော့ တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပါတီအားလုံး ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများအားလုံးကို ရက်ပေါင်း ၆ဝ တိတိ စည်းရုံးခွင့်ပေးပြီးမှသာ ရွေးကောက်ပွဲကို ကျင်းပသင့်ပါတယ်။

မေး - ဆရာက ဧရာဝတီတိုင်းမှာ ရခို်င်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ယှဉ်ပြိုင်အနို်င်ရခဲ့ရင် ဘာတွေဆက်လုပ်သွားဖို့မလဲ။
ဖြေ - အဲဒါတွေကတော့ ပြောရင်အများကြီးပါပဲ။ ကျန်းမာရေး၊လူမှုရေးအများကြီးပါပဲ။ လုပ်လို့ရသလောက်လုပ်သွားပါမယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးများဟာ အရင်တုန်းက ဘာမှ လုပ်လို့မရဘူး။ ကျွန်တော် ၂ဝ၁ဝ ကနေ ၂ဝ၁၅ အတွင်းမှာ တိုင်းရင်းသားရေးရာဝန်ကြီးများသည် လုပ်ပိုင်ခွင့်ရအောင် တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေပေါ်ထွန်းအောင် အများကြီး ကြိုးစား ဆောင်ရွက် ပေးခဲ့ပါတယ်။ နည်းဥပဒေ ပေါ်ထွက်အောင်လည်း ကျွန်တော်ကြိုးစားခဲ့ပါတယ်။ တိုင်းရင်းသား ရေးရာဝန်ကြီးများလုပ်ပိုင်ခွင့် တာဝန်များ ရရှိအောင်လည်း ကျွန်တော် အများကြီး ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးအထိတက်ပြီးတော့ အရေးဆိုခဲ့မှ တိုင်းရင်းသားရေးရာ ဝန်ကြီးများဟာ ကျန်တိုင်းဒေသကြီး ဝန်ကြီးများနဲ့ တန်းတူဖြစ်လာပြီးတော့ လုပ်ပိုင်ခွင့်များ၊ ဘားဂျတ်များ ရရှိလာတာဖြစ်ပါတယ်။ လာမယ့် ၂ဝ၂ဝ- ၂ဝ၂၅ မှာလည်း ဒီထက်မက အကောင်းဆုံးလုပ်ပိုင်ခွင့် ရအောင် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးတော့ ပြဋ္ဌာန်းပြီးသား ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ရခိုင်တိုင်းရင်းသားများရဲ့အကျိုးကို ဒီထက်မက ဆောင်ရွက်နို်င်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

မေး- ဆရာရဲ့ ဧရာဝတီတိုင်းက မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကိုရော ဘာတွေများပြောချင်ပါလဲ။
ဖြေ - ကျွန်တော်ကိုသာ အသည်းကြားက မဲတစ်ပြားနဲ့ တာဝန်ပေးမယ်ဆိုလို့ရှိရင် ဧရာဝတီတို်င်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားများရဲ့ ရေးရာအကျိုးစီးပွားကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားပါမယ်လို့ ကတိသစ္စာပြုရင်းနဲ့ ကျွန်တော့ရဲ့အမှာစကားကို နိဂုံးချုပ်ပါရစေ။


(ပြီး)

ဆက်စပ် သတင်းများ