သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကင်း (၂)ကြိမ်ချထားမှုကြောင့် စခန်းမှူးအား ရဲတပ်သားမှ သေနတ်ဖြင့် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 894

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် အလှည့်ကျကင်း (၂)ကြိမ်ချမှုကြောင့် စခန်းမှူးအား ရဲတပ်သားမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု ဇူလိုင်လ ၁၈ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲစခန်းသတင်းအရင်းမြစ်ထံမှ သိရှိရသည်။

“အလှည့်ကျကင်း ချတာကို မကျေနပ်လို့ စကားများပြီး စိတ်ဒေါသကြောင့်ဖြစ်သွားကြတာပေါ့။ စခန်းမှူးတော့ တော်‌တော်လေး ထိသွားတယ်ဗျ”ဟု သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့် ပတ်သက်ပြီး စခန်းအတွင်း သတင်းအရင်းမြစ်များထံမှ စုံစမ်းရရှိမှုအရ စခန်းတွင် အလှည့်ကျကင်းချထားမှုအတွက် အင်အားအလုံအ‌လောက်မရှိသည့်အတွက် အလှည့်ကင်း အကြိမ်ရေတိုးမြှင့် ချထားခြင်းအပေါ် စခန်းအတွင်း မပြေလည်မှုများလည်း ရှိကြောင်း သိရှိရသည်။

“စခန်းတွေမှာ သိတဲ့အတိုင်းလေ အင်အားသိပ်မရှိကြတော့ဘူး။ ဒီနေ့လိုနေ့ရက်မျိုးတွေမှာ လုံခြုံရေး သွားယူကြရတယ်လေ။ အခုကာလမျိုးမှာ ဘယ်သူကလည်း ကင်းပိုစောင့်ချင်ကြပါတော့မလဲ။ မရှိ ရှိတာလေးနဲ့ လည်ပတ်နေကြရတာ”ဟု ရဲစခန်းတစ်ခုက သတင်းအမြစ်တစ်ဦးကလည်း လက်ရှိ ရဲစခန်း ၌ ဖြစ်ပေါ်နေသည့် အခြေနေကို ပြောသည်။

တောင်ဥက္ကလာပရဲစခန်းဖြစ်စဥ်နှင့် ပတ်သက်ပြီး သေနတ်ဖြင့်အပစ်ခံရသည့် စခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းသည် ယာပါး ဖောက်ဝင်၊ မေးရိုးဖောက်ထွက် သေနတ်ကျည်ထိမှန်ဒဏ်ရာများကြောင့် အသက်အန္တရယ်စိုးရိမ်ရသည့် အနေအထားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သား အာကာစိုးကို တောင်ဥက္ကလာပမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားပြီး သက်ဆိုင်ရာ ဥပ‌ဒေဖြင့် အရေးယူရန် စိစစ်ဆောင်ရွက်နေကြောင်း သိရှိရသည်။ (NN-25)
ဓာတ်ပုံ - တောင်ဥက္ကလာပ ရဲစခန်း (လူမှုကွန်ရက်)

ဆက်စပ် သတင်းများ