သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်မှုကြောင့် (၆) ရက်အတွင်း အရပ်သား (၂၅)ဦးသေဆုံးခဲ့ပြီး (၃၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 347

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလှိုင် ၃။  ၂၀၂၄

တိုက်ပွဲ (၆)ရက်တာကာလအတွင်း စစ်ကောင်စီတပ်က အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀)ဗုံးအပါအဝင် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သား (၂၅)ဦးသေဆုံးခဲ့ပြီး (၃၇) ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၅၀) နီးပါး ထိခိုက်ပျက်ဆီးခဲ့သည်ဟု PSLF/TNLA ကသတင်းထုတ်ပြန်သည်။

ဇူလိုင်လ (၁) ရက်နေ့ တွင် တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီက ဒေသခံများ၏ နေအိမ်အတွင်း လက်နက်ကြီးပစ်ခတ်မှုဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်မှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၅) ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ယမန်နေ့ ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈) တွင် အမျိုးသား (၂)ဉီးနှင့် အမျိုးသမီးတစ်ဉီး ကျည်ထိမှန် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထို့အပြင် သီပေါမြို့ စံဖိတ်ကွက်သစ်အတွင်းတွင် ည (၆း၃၀) အချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂) ဉီး အမျိုးသမီး (၃) ဦး ထိမှန် ဒဏ်ရာရရှိသည်။

တိုက်ပွဲ (၆)ရက်တာကာလအတွင်း စစ်ကောင်စီတပ်က အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀) ဗုံးအပါအဝင် လေကြောင်းနှင့်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၂၅)ဦး သေဆုံး၊ (၃၇)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၅၀) နီးပါး ထိခိုက်ပျက်ဆီးခဲ့သည်။

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းတွင်ဇူလိုင်လ၂ရက် နံနက် (၁၀)နာရီမှ ညနေ (၄:၂၀)နာရီအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာမှ တိုက်ပွဲဖြစ်ပွားသည့် ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား လက်နက်ကြီး (၁၆)လုံး ပစ်ကူခဲ့သည်။ ထို့အပြင် လေကြောင်းပစ်ကူများပါ အသုံးပြုတိုက်ခိုက်ပြီး စစ်အင်အား (၅၀) ဦးလည်း ပြန်လည်ဖြည့်တင်မှု ပြုလုပ်နေသည်။

နောင်ချိုမြို့တိုက်ပွဲတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့များမှာ စကခ(၁) လက်အောက်ခံ ခမရ(၁၁၄)၊ ခမရ (၁၁၅)နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁)၊ ခမရ (၃၀၃)၊ ခမရ(၃၀၆)တို့ဖြစ်သည်။

ခမရ (၁၁၄)နှင့် (၁၁၅)တပ်စခန်းများ တအာင်းတပ်မတော်မှ သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိသည့် တပ်ဖွဲ့ဝင်အချို့မှ (၆၀၆) ဒုံးတပ်သို့ သွားရောက်ပူးပေါင်းခဲ့သည်။ ဇူလိုင်(၁)ရက်နေ့ နောင်ချိုမြို့  (၆၀၆)ဒုံးတပ်တိုက်ပွဲနေရာတွင် စစ်ကောင်စီမှ Jet Fighter (၅)စီး၊ MI-35(၂)စီး၊ Y-12 (၁)စီးဖြင့် ပစ်ကူပေးခဲ့သည့်အပြင် Y-12 (၁)စီးဖြင့် လက်နက်ခဲယမ်းများ လာရောက် ပို့ဆောင်ပေးခဲ့သည်။

တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့ရှိ စစ်‌ကောင်စီ ခမရ(၅၀၁)(၅၀၂) တပ်စခန်း၌ ဒီကနေ့ မနက် (၆)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့မှ မကျီးပင် ဒေသသို့ ဒီကနေ့ နံနက် (၁၁း၂၅)အချိန်တွင် စစ်ကောင်စီဘက်မှ (၁၂၀) မမ လက်နက်ကြီးများဖြစ်ပစ်ခတ်ခဲ့သည်။

ဇူလိုင် (၁)ရက်နေ့တွင် မိုးမိတ်မြို့ တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ညောင်နီနှင့် သရက်ချိုရွာဘက်သို့ (၁၂၀)မမနှင့် (၄၅)မမ လက်နက်ကြီး (၇)လုံး ပစ်ခတ်ခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဇူလိုင်လ ၂ ရက်က သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ