တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းအား TNLA မှ သိမ်းပိုက်ပြီး နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 283

(လားရှိုးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၆) ဦး ထပ်မံသေဆုံးပြီး (၁၀) ဦးဒဏ်ရာရရှိခဲ့)

နိရဉ္စရာ၊ဇူလိုင် ၅/ ၂၀၂၄

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရွှေသာယာတပ်စခန်းအား ဇူလိုင်(၃)ရက်နေ့ တအာင်းတပ်မတော် (TNLA)နှင့်  PDF (မိုးကုတ်ဗျုဟာ) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

တအာင်းပြည် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေသာယာတပ်စခန်းအား ဇူလိုင်(၃)ရက်နေ့ တအာင်းတပ်မတော် TNLA၊  PDF (မိုးကုတ်ဗျုဟာ) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းအပြင် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဒုံးတပ် (၆၀၆) တပ်စခန်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား လျက်ရှိကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောင်ချိုမြို့နယ် စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ ဇွန်လ ၄ရက် မွန်လွဲပိုင်း  ၂ နာရီအချိန်တွင် အဆိပ်ငွေ့ဗုံး (၃)လုံး အသုံးပြုတိုက်ခိုက်ခဲ့သဖြင့်  TNLA တပ်ဖွဲ့ဝင် (၈)ဦးမှ အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြကြောင်း ဖော်ပြထားသည်။


နောင်ချိုရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ  လွန်ခဲ့သည့် ဇွန်လ ( ၁)ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၁)လုံး နှင့် ဇွန်လ (၄) ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း  (၄)လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ 

စစ်ကောင်စီတပ်သည် ဘန်ဘွေးရွာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်းသို့  ဇူလိုက် ၄ နံနက် (၉း၄၇)မှ နေ့လည် (၁၂း ၃၆)နာရီအချိန်ထိ ဟောင်ဝိဇာ လက်နက်ကြီး (၁၂)လုံး ပစ်ခတ်ပြီး တအာင်းပြည်အတွင်း စစ်ဖြစ်ပွားရာဒေသများအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၁၅) ကြိမ် ပြုလုပ်ခဲ့သည်။

မိုးကုတ်မြို့ ရှမ်းကျောင်းဒေသ၌လည်း ညနေ (၃း၄၀)နာရီ အချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တပ်မဟာ(၂) စစ်ဒေသ သီပေါမြို့နယ် ဒုဌဝတီတံတားအနီးရှိ စစ်ကောင်စီ တပ်စခန်းအား တအာင်းတပ်မတော် TNLA မှ ညနေ  ၆ နာရီ ၃၀ မိနစ်အချိန်တွင် စတင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တပ်မဟာ (၆) စစ်ဒေသ မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာဒေသဘက်သို့ ညနေ (၃း၃၀) နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့သလို  တပ်မဟာ (၆) စစ်ဒေသ တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။



လားရှိုးမြို့တွင်လည်း  ဇူလိုင်လ ၄ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု‌ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၆) ဦးထပ်မံသေဆုံးပြီး (၁၀) ဦးထပ်မံဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA က သတင်း ထုတ်ပြန်သည်။

ဇူလိုင် (၄) ရက်နေ့၊ နံနက်(၇း၀၀)အချိန်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ထိုကဲ့သို့ပစ်ခတ်မှုကြောင့် လားရှိုးမြို့တွင်းရှိ ဒေသခံနေအိမ်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်

ယနေ့နံနက်တွင် ရပ်ကွက်(၉)အတွင်း လက်နက်ကြီးတစ်လုံးကျ‌‌ရောက်ပေါက်ကွဲမှုကြောင့် သားအမိ (၂)ဦး သေဆုံးပြီး  ရပ်ကွက်(၁၁)ရှိ ပညာရေးကောလိပ်အနောက်ဘက်တွင် လက်နက်ကြီးတစ်လုံး ထပ်မံကျရာ ဒေသခံ (၃)ဦး သေဆုံးသွားသည်။

ထို့အပြင် ရပ်ကွက် (၅)တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၁) တစ်ဦး သေဆုံးပြီး ထိုရပ်ကွက်တွင်း အရပ်သား (၁၀)ဦးထိခိုက်ဒဏ်ရာရရှိသည်။

အလားတူ ယမန်နေ့ညအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့ပြီး လားရှိုးမြို့  ရပ်ကွက်(၁) ဗျူဟာလမ်းတွင် ၁ လုံး၊ ရပ်ကွက်(၇) ဂျာမိုင်ရွာတွင် ၁ လုံး၊ ရပ်ကွက်(၁၀) မီးပွိုင့်အနီး ၁ လုံး၊ ရပ်ကွက်(၁၀) သရဖီလမ်းတွင် ၁ လုံး၊ ရပ်ကွက်(၁၀) တောရကျောင်းအနားတွင် ၁ လုံး၊ ရပ်ကွက်(၁၁) ဂေါက်ကွင်းတွင် ၁ လုံး၊ ရပ်ကွက်(၅) တွင် ၂ လုံးနဲ့ ရပ်ကွက်(၉)က ၁ လုံး၊ ရပ်ကွက်(၁၂) လားရှိုးစျေးကြီးအနီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့မွန်းလွှဲ (၂း၃၀) အချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး လားရှိုးမြို့ ရပ်ကွက်(၉)ရှိ မူလွန်(၁၅)ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲကာ စာသင်ကျောင်းဆောင် ထိခိုက် ပျက်ဆီးခဲ့သည်။

ထိုကျောင်းသည် တိုက်ပွဲစတင်သည့်နေ့ကစပြီး ပိတ်ထားခဲ့သဖြင့် ကျောင်းသူ/သား ထိခိုက်သေဆုံးမှုတစ်စုံတရာမရှိဟု သိရသည်။

 

ဆက်စပ် သတင်းများ