တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်တော် သရက်တစ်ပင်အုပ်စုမှ ကျည်ဆံထိမှန်ခဲ့သည့် လူနာ၈ဦးထဲမှ သုံးဦးကို စစ်တွေဆေးရုံကြီးသို့ ပြောင်းရွှေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင် ကျေးရွာ အနီး စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ဒဏ်ရာရရှိသွားသူ ၈ ဦးထဲမှ ၃ ဦးအား ယမန်နေ့က စစ်တွေဆေးရုံသို့ ယူဆောင်လာခဲ့ရကြောင်း သတင်းရရှိသည်။

စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ယူဆောင်လာရသူများမှာ သရက်တပင်အုပ်စု ရွှေတလှည်းကျေးရွာမှ ဦးသန်းဝေ(၃ဝ)နှစ်၊ မောင်မောင်စိုး (၁၆)နှစ်နှင့် သရက်တပင်မှ ဒေါ်မညွန့်တို့ ဖြစ်ကြသည်။

ဒဏ်ရာရထားသည့် ဒေါ်မညွန့်၏ ပေါင်အား ဓာတ်မှန်ရိုက်ရန်  စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာခြင်းဖြစ်ပြီး ဦးသန်းဝေနှင့် မောင်မောင်စိုးတို့အား စစ်တွေဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရန် ကျောက်တော်မြို့နယ် ဆေးရုံမှ ဆရာဝန်မှ ညွှန်ကြား၍ ဖြစ်ကြောင်း လူနာစောင့်ပါလာသူက ပြောသည်။

၄င်းတို့အား ကျောက်တော်ဆေးရုံမှ ဖြူစင်မေတ္တာ ပရဟိတ အသင်းကားဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း လူနာ၏ မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ရွှေတလှည်းကျေးရွာမှ ဦးသန်းဝေ၊ မောင်မောင်စိုးတို့၏ ဆွေမျိုးတော်စပ်သူ လူနာစောင့်ပါလာသည့်  ဦးမောင်သန်းရီက “ အဲ့ဒီ နေ့ဖြစ်စဉ်က လမ်းမကြီးဘက်ကနေ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များနဲ့ ပစ်တာပါ။ အဲ့ဒီအချိန်မှာ ညီကို နှစ်ယောက်လုံးထိသွားတာပါ။ အစ်ကိုဖြစ်သူ သန်းဝေမှာ ဘယ်ဘက်ခြေသလုံးကိုရှပ်ထိမှန်ပြီး ညာဘက်ပေါင်ကို ထိသွား ပါတယ်။ ညီဖြစ်သူ မောင်မောင်စိုးမှာ ညာဘက်နံကိုင်းကိုထိ သွားပါတယ်။ အခုသူတို့ကို ကျောက်တော်  ဆေးရုံကို စစ်တွေဆေးရုံကို ပို့လိုက်တာပါ” ဟု ပြောသည်။

၎င်းတို့သည် စက်တင်ဘာလ ၂ ရက်နေ့က ဒဏ်ရာရရှိခဲ့ပြီး  ကျောက်တော်ဆေးရုံတွင် ကုသနေရာမှ  ၄ ရက်မြောက်နေ့တွင် စစ်တွေ ဆေးရုံသို့ ယူဆောင်လာရခြင်း ဖြစ်သည်။

“ကျမယောက်မ က အဲ့ဒီပစ်ခတ်တဲ့အချိန် အိမ်မှာနေတာ။ အိမ်မှာနေပြီးတော့ သားကိုစိတ်မချလို့ ကျောင်းကပြန်လာတဲ့ သားကိုထွက်လို့ ခေါ်တဲ့အချိန် ထိသွားတာပါ။ အဲ့ဒီအချိန်မှာ ဘေးနားအိမ်ကတစ်ယောက်က ဟဲနင်ဘာလုပ်နေတာလဲ။ ကျည်ဆံတွေကျနေတယ် ပြောလို့ထွက်ပြေးတဲ့အချိန် နောက်က နေပြီးတော့ ညာဘက်ပေါင်ကို ဝင်သွားတာပါ” ဟု ဒေါ်မညွန့်၏ လူနာစောင့်ပါလာသူ ဒေါ်လှဆန်းဝင်းကပြောသည်။

စစ်တပ်က လမ်းမပေါ်မှ တစ်ရွာလုံးအား ဖြိုပစ်ခဲခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအပြန်အလှန်ဖြစ်ပွားခြင်းမဟုတ်ဘဲ စစ်တပ်ဘက်မှ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း၊ စစ်တပ်မှ ပစ်ခတ်နေသည့် အချိန်တွင် လမ်းမပေါ်မှ လူတွေက မြင်တွေ့နေရကြောင်း၊ စျေးဆိုင်တွေ အနီးမှနေပြီး ပစ်ခတ်ခြင်းနှင့် ဆိုင်ပေါ်မှ တက်ပြီးယူနေသည်ကိုလည်း မြင်တွေ့ရကြောင်း၊ ထိုအချိန်တွင် ပစ်ခတ်နေမှုကြောင်း နေအိမ်အတွင်းမှထွက်မရ ပုန်းခိုနေခဲ့ရကြောင်း သရက်တပင်ကျေရွာသူ တစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပစ်ခတ်မှုဖြစ်ပွားသည့်နေတွင် သရက်တပင်ကျေးရွာ သံတံတားအနီး မိုင်းပေါက်ကွဲပြီးနောက် ကျေးရွာအတွင်းမှ ပစ်ခတ်သည့် အတွက် ကျည်လာရာ လမ်းကြောင်းအတိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ရှင်များက ဆိုင်အတွင်းဝင်ပြီး ပစ္စည်းများ ယူဆောင်သွားသည်ဟု ပြောဆိုမှုမှာလည်း မှန်ကန်မှု မရှိကြောင်း ပြန်လည် ငြင်းဆိုထားသည်။

ဒဏ်ရာရသူ ၈ ဦးထဲမှ ၅ ဦးကို ကျောက်တော်မြို့နယ် ဆေးရုံကြီးတွင် ဆက်လက်ကုသနေရကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ