တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျည်စထိမှန်ခဲ့သည့်သင်္ဂနက်ရွာမှ လင်မယားနှစ်ဦးကိုဒဏ်ရာပြင်းသဖြင့် ကျောက်တော်မှစစ်တွေဆေးရုံသို့ယူဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.6k

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာလ ၁၅ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာမှ လက်နက်ကြီး ကျည်ကျ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် လင်မယားနှစ်ဦးကို ယခုအခါ ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ အရေးပေါ်ကုသရန် ယူဆောင်လာကြောင်း သတင်းရရှိသည်။

ယူဆောင်လာသူ လင်မယားနှစ်ဦးမှာ  ဦးရွှေထွန်းသိန်း (၃၄)နှစ်နှင့် ၄င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မာညို (၃၂)နှစ်ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နေလယ် ၁၂ နာရီအချိန်ခန့်တွင် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီးသို့ရောက်ရှိလာခဲ့သည်။

 “လူနာအခြေအနေ စိုးရိမ်ရတယ်။ ယောကျာ်းမှာက ကျောကုန်းမှာ ဒဏ်ရာရတယ်။ မိန်းမမှာက ဒူး မှာ၊ လက်မှာ၊ ပြီးတော့ မျက်လုံးနားမှာ ဒဏ်ရာရတယ်” ဟု ဒဏ်ရာရသူ ဒေါ်ခင်မာညို၏ညီမဖြစ်သူ ဒေါ်ခိုင်ခိုင်ရီက မီဒီယာများကို ပြောသည်။

 စက်တင်ဘာလ ၁၅ ရက်နေ့  နံနက် ၁ နာရီအချိန်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့်  ကုလားတန်မြစ်ကမ်းအတွင်း ကျောက်တော်ဘက်သို့  တက်လာသော ရေတပ် သင်္ဘောက လှမ်းပစ်စဉ် လက်နက်ကြီး ကျည်စများ ရွာသားများ  ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

 ဒဏ်ရာရသူများအနက် အချို့မှာ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

“ ကျနော်တို့အစကတော့ ၆ ယောက်ဒဏ်ရာရတယ်လို့သိရတယ်။ သင်္ဂနက်ရွာက ၃ ယောက်ရယ် စံပယ်လှရွာက ၃ယောက်။ သင်္ဂနက်ရွာက သုံးယောက်မှာ တစ်ယောက်ကတော့ ဆေးရုံမလိုက်ဘူး။ အခု လင်မယားနှစ်ယောက်ကိုတော့ ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ခဲ့တယ်။ နောက် စံပယ်လှရွာက လက်နက်ကြီးကျလို့ ဒဏ်ရာတဲ့ မောင်နှမနှစ်ယောက်ကိုလည်း ကျောက်တော် ဆေးရုံကို ပို့ထားတယ်”ဟု ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်းမှ ဦးညီဘုက ပြောသည်။

 ယနေ့နံနက်အစောပိုင်းက ကုလားတန်မြစ်အတွင်းရှိ ရေတပ်သင်္ဘောနှစ်စီးအား တိုက်ခိုက်ခံရပြီးနောက် ရေတပ်သင်္ဘောတစ်စီးက တုံ့ပြန်ပစ်ခတ်မှုကြောင့် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

 

ဆက်စပ် သတင်းများ