ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်တွင်မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

စက်တင်ဘာ ၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ရွေးကောက်ပွဲ ဆိုင်ရာသတင်းထုတ်ပြန်ရေးကိစ္စအစီအစဉ်များနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ မေးမြန်းမှုကို ဖြေဆိုရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ အခုတော့ အများကြီး မရှိပါဘူး။ ရခိုင်ထဲပဲ။ ခုနက ပြောတဲ့ ဝ ဒေသ ငါးမြို့နယ်နဲ့ ရခိုင်ထဲက မြို့နယ်တချို့ပေါ့” ဟု ဦးမြင့်နိုင်က ပြောဆိုသည်။

သို့သော်လည်း မြို့နယ် အများကြီးမဟုတ်ဘဲ မကျင်းပနိုင်သည့် မြို့နယ် (၂) ခုလောက်သာ ရှိနိုင်ကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြေ မရှိသည့် မဲဆန္ဒနယ်မြေများကို စိစစ်နေပြီး ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် မကျင်းပနိုင်သည့် နယ်မြေများကို အချိန်မီကြေညာပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်၌ လက်ရှိ တိုက်ပွဲများအပြင် ကိုဗစ်ရောဂါများကြောင့် ရွေးကောက်ပွဲ ကျင်းပရန် စိန်ခေါ်မှုများစွာရှိနေသော်လည်း ရွေးကောက်ပွဲအား ကျင်းပနိုင်ရန် တိုက်တွန်းလိုကြောင်း ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“တကယ်လို့ ရွေးကောက်ပွဲမဖြစ်လာခဲ့ရင် ဒီနေရာတွေက ပြည်သူတွေက ပိုပြီးတော့ အခွင့်အရေးတွေ ချိုးဖောက်မှုနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိပါတယ်။ ရွေးကောက်ပွဲဖြစ်ဖို့ကို ကျွန်မတို့အနေနဲ့ တွန်းအားပေးပါတယ်။ ရွေးကောက်ပွဲမဖြစ်လာနိုင်တဲ့ အခြေနေနဲ့ ဖြစ်လာတဲ့ အခြေနေမှာဆိုရင် မဖြစ်လာနိုင်တဲ့ အခြေနေက ပြည်သူတွေ ပိုပြီးထိခိုက်နစ်နာမှုများမယ်လို့ ယူဆပါတယ်။ ဖြစ်လာတဲ့ အခြေနေမှာဆိုရင် တိုက်ပွဲတွေ ရှိသည့်တိုင် ပြည်သူတွေရဲ့ အသံတွေက အတိုင်းအတာတစ်ခုအထိ လွှတ်တော်ကို ပြောလို့မရသည့်တိုင် လွှတ်တော်ကိုယ်စားလှယ်တွေက မီဒီယာတွေဆီမှာ ပြောဆိုနိုင်တဲ့ အခြေနေတွေ ရှိမယ်ထင်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “သူတို့က ရခိုင်မှာ မြို့နယ် ၂ ခု လောက်မှာပဲ ကျင်းပနိုင်မှာ မဟုတ်ဘူးဆိုပြီး ပြောထားတယ်ပေါ့နော်။ ရခိုင်မှာကတော့ ရွေးကောက်ပွဲကို ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ မထူးဘူး။ ကျွန်တော့်အနေနဲ့ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည် ဖြစ်စေ ထူးလာမှာက သိပ်မမြင်ဘူး။ ကျင်းပခဲ့ရင်လည်း ထူးထူးထွေထွေ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

ရွေးကောက်ပွဲအား ကျင်းပခဲ့ပြီး အမတ်များထွက်ပေါ်လာခဲ့လျှင်လည်း အမှန်တကယ် လက်တွေ့တွင် ရခိုင်ပြည်သူများအတွက် အမတ်များအနေဖြင့် မပြောနိုင်မဆိုနိုင်သည့် အဟန့်အတားများရှိနေ၍ ရွေးကောက်ပွဲအား ကျင်းပခဲ့လျှင်လည်း ရခိုင်ပြည်နယ်အတွက် ထူးလာမည်မဟုတ်ကြောင်း ၄င်းအနေဖြင့် သုံးသပ်ပြောဆိုသည်။

ရခိုင်ရှိ မြို့နယ်အချို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ထည့်သွင်းဖြေကြားခဲ့ကြောင်း Eleven သတင်းစာ၌ ရေးသားဖော်ပြထားသည်။

ဆက်စပ် သတင်းများ