ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ပထမဆုံးကိုဗစ်အတည်ပြုလူနာတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆေးရုံတွင် ယနေ့ နံနက် ၉း၁၅ မိနစ် အချိန်ခန့်က ပထမဆုံး ကိုဗစ်အတည်ပြုလူနာ တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ အသက် (၅ဝ) နှစ်အရွယ် လူနာအမှတ် ၃၈၄ဝ၃ ဖြစ်ပြီး အထူးကြပ်မတ်ကုသ ပေးနေရသူ တစ်ဦးဖြစ်ကြောင်း ကျောက်ဖြူဆေးရုံမှ သမားတော်ကြီးကပြောသည်။

“ သူ့မှာ ရောဂါအခံမရှိပါဘူး။ ဆေးရုံတက်တာကတော့ ရက် ၁ဝ ကျော်လောက်ရှိပြီ၊ သူက အထူးကြပ်မတ် ကုသဆောင်မှာ ကုသခံနေရတာ တစ်ပတ်ရှိပါပြီ။ သေဆုံးသွားသူ ကတော့ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ကပါ” ဟုပြောသည်။

လက်ရှိကျောက်ဖြူဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာများမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဆေးရုံတွင် သြဂုတ်လ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃ဝ ရက်နေ့အထိ ကိုဗစ်ရောဂါ ကူးစက် ခံရသူ စုစုပေါင်း (၃၄၂) အထိရှိကြောင်း သိရှိရသည်။ ကျောက်ဖြူဆေးရုံတွင် ယမန်နေ့က တစ်ဦးဆေးရုံ ဆင်းခွင့်ရရှိပြီ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၂၃ ဦး၊ ကျန်ရှိနေသူ လူနာက (၁၉)ဦး ရှိကြောင်း သိရှိရသည်။

၄င်းအပြင် စစ်တွေဆေးရုံတွင်လည်း အတည်ပြုလူနာစုစုပေါင်း ၁၂၃၉ ဦးသည့်အထဲမှ  ယနေ့တွင် ဆေးရုံ ဆင်းခွင့်ရရှိသူ ၉ ဦး အပါအဝင် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၂ဝ၉ ဦးရှိကာ လက်ရှိ ကုသဆဲ (၃ဝ) ဦး ကျန်ရှိနေသေးကြောင်း သိရှိရသည်။  စစ်တွေဆေးရုံတွင် အောက်ဆီဂျင်ပေးထားရသူ ၅ ဦးရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ အချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၈ ဦး ရှိပြီး ယင်းထဲမှာ စစ်တွေတွင် ၁၁ ဦး၊ တပ်နယ် ကုတင် ၁ဝဝ ဆေးရုံတွင် ၁ ဦး၊ မြောက်ဦးတွင် ၂ ဦး၊ ပေါက်တောတွင် ၂ ဦး၊ ကျောက်တော်တွင် ၁ဦး၊ ကျောက်ဖြူတွင် ၁ ဦးတို့ ဖြစ်ကြောင်း ရခိုင် ကိုဗစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

(ဓာတ်ပုံ- ကျောက်ဖြူမြို့တစ်နေရာ/ ဓာတ်ပုံ- ကိုဂျပန်ကြီး)

ဆက်စပ် သတင်းများ