ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တပ်မတော်စစ်ကြောင်းတစ်ခုက ကျောက်ဖြူမြို့နယ်မှ ရွာသား၇ ဦးကို ဖမ်းခေါ်သွားဟု ဒေသခံများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၁/၂ဝ၂ဝ

ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ယနေ့ နံနက် အစောကြီး ညဉ့်အချိန်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် စည်မော်ကျေးရွာမှ ဒေသခံ ၇ မှာ ဦးလှမောင် (၅ဝ) နှစ်၊ ဦးမောင်ခင်သန်း (၅ဝ) နှစ်၊ ကိုဝေတာအောင်(၂၅) နှစ်၊ ကိုညီညီဆန်း (၂၇) နှစ်၊ ကိုချလုံး (၁၉) နှစ်၊ ကိုမောင်ထွန်းကြည် (၂၂) နှစ်နှင့် ကိုမောင်မြင့်အောင် (၁၉) နှစ်တို့ ဖြစ်ကြသည်။

အင်အား ၁ဝဝ ကျော်ခန့်ပါရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် စည်မော်ရွာကို အပြင်မှ ဝိုင်းထားပြီး ကျေးရွာ အတွင်းသို့ ယနေ့ အရုဏ်တက်အချိန်တွင် ဝင်ရောက်လာခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြင့်က ပြောသည်။

“စစ်ကြောင်းက မနက်အရုဏ်တက်ချိန် ကျေးရွာထဲကို ဝင်လာတော့ လူတွေက ကြောက်ပြီး ကိုယ့်အိမ်ကကိုယ် ထွက်ပြေး ကြတယ်။ အဲဒီမှာ ရွာကို ဝိုင်းထားတဲ့ စစ်သားတွေက လမ်းမှာတွေ့တဲ့သူကို ဖမ်းခေါ်သွားတာ။ ခဏတစ်ဖြုတ် ခေါ်သွားတာလို့ထင်ရပေမယ့် အခုထိ ပြန်မလွတ်လာသေးတော့ မိသားစုတွေက အရမ်း စိုးရိမ် နေကြတယ်။” ဟု ယနေ့ ညနေ ၄ နာရီခွဲခန့်က နိရဥ္စရာသို့ ပြောသည်။

စည်မော်ကျေးရွာကို စစ်ကြောင်းများ မကြာခဏ ဝင်ရောက်လာမှုများ ရှိသော်လည်း ယခုကဲ့သို့ ဖမ်းဆီးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

စည်မော်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင် တပ်မတော်စခန်းတစ်ခု တည်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းက ကျေးရွာအတွင်း ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းမှာ ယင်း တပ်မတော်စခန်းမှ ဟုတ်/မဟုတ်ကို မသိကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းသည်  ယနေ့ နံနက် ၁ဝ နာရီခန့်က ကျေးရွာအတွင်းမှ ထွက်ခွာသွားကာ လက်ရှိ ကျောက်ဖြူမြို့နယ် ဒိုးမတောင်ကျေးရွာသို့ ရောက်ရှိနေပြီး ယင်းဖမ်းဆီးခံထားရသည့် ကျေးရွာသား ၇ ဦးလည်း ၄င်းတပ်မတော်စစ်ကြောင်းနှင့် အတူရှိနေသည်ဟု သတင်းရကြောင်း စည်မော်ကျေးရွာမှ ကျေးရွာသားတစ်ဦးက ပြောသည်။

“ ရွာသားတွေက စစ်ကြောင်းဝင်လာရင် ကြောက်ပြီး ထွက်ပြေးကြတော့တာပေါ့။ အဲဒီမှာ ထွက်ပြေးတဲ့သူတွေနဲ့ သူတို့နဲ့ တွေ့ရင် အကုန်လိုက်ဖမ်းတော့တာပဲ။ သူတို့ ၇ ယောက်လုံး စစ်ကြောင်းက ဒိုးမတောင်ရွာမှာ စစ်သားတွေနဲ့ အတူ ရှိတယ်လို့ ကျွန်တော်တို့ အဲဒီဘက်က သတင်းရတယ်။ ရွာကို ဝင်လာတုန်းတော့ သေနတ်တွေ ပစ်ဝင်လာတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့က ရွာကို ဝိုင်းပြီး ဝင်လာတာ။ အဲဒါကြောင့် ရွာသားတွေက သူတို့ ဝင်လာတာကို ညဉ့် အချိန်ဆိုပေမယ့် သိတာ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ရွာသားအချို့ ဖမ်းသွားတယ်လို့တော့ သတင်းရတယ်။ ဒီတစ်ပတ်အတွင်းမှာ အဲဒီအနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာတို့၊ ပေါက်ကွဲမှုဖြစ်တာတို့ မရှိပါဘူး။ ပစ်ခတ်တာတွေလည်း မရှိဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

စည်မော်ကျေးရွာတွင် အိမ်ခြေ ၂၄၄ ဆောင်နှင့် လူဦးရေ ၁၁၃၃ ဦးရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ