တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ငါးလုပ်ငန်းအတွက်ရှယ်ယာငွေ ကျပ်သိန်းပေါင်း (၂)သောင်းကျော် လက်ခံထားသူလင်မယားနှစ်ဦး ထွက်ပြေးသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၉/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ငါးလုပ်ငန်းအတွက် စုပေါင်းရှယ်ယာငွေ ကျပ်သိန်း ၂၅,ဝဝဝ ကျော်လက်ခံထားသူလင်မယားနှစ်ဦးမှာ မိသားစုနှင့်အတူ နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးသူတို့မှာ ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်တွင် နေထိုင်သူ အသက်(၃ဝ)ကျော်အရွယ်တို့ဖြစ်ကြသည့် ဦးဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်းတို့ဖြစ်ကြသည်။
ငါးလုပ်ငန်းအတွက် အစုရှယ်ယာငွေထည့်ဝင်ပါက တစ်လအတွင်း ၁ဝဝ ကျပ်ကို ၁ဝ ကျပ်တိုးပေးသည့်အတွက် ရှယ်ယာထည့်ဝင်သူများမှာ အများဆုံး ကျပ်သိန်း ၁၅,၅ဝဝ မှ အနည်းဆုံး ကျပ်သိန်း ၂ဝ ထည့်ဝင်ခဲ့ကြသူ လူ(၁၆) ဦးတို့ထံမှ စုစုပေါင်း ငွေကျပ်၂၅,၅၃၇ သိန်းနှင့်အတူ သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှစတင်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ရှယ်ယာငွေထည့်ဝင်ခဲ့သူများက နိရဥ္စရာအားပြောသည်။
ရှယ်ယာငွေ ကျပ်သိန်း ၁၅,၅ဝဝ ထည့်ဝင်ခဲ့သူ ဦးနုသာအောင်က “ဦးလေးသူနဲ့အလုပ်လုပ်တာ တစ်နှစ်ပြည့်တော့မယ်။ ရှယ်ယာငွေက မက်လောက်အောင်ပေးတယ်။ ငါးတစ်ခြင်းကို ၆ သောင်းဆိုရင် ဦးလေးတို့ အမြတ် ၆ ထောင်ရတယ်။ ငွေတွေကို ဆိုင်ကယ်တက်စီတွေအပြည့်နဲ့တင်လာပြီး ရော့ - ကိုယ့်ငွေကိုယ်ယူကြဆိုပြီးရှင်းပေးခဲ့တော့ ရှိသမျှလူတွေဆီက ပတ်ချေးပြီး ရင်းနှီးငွေထည့်ထားလိုက်တာပါ။ ဘယ်လိုခံစားရမလဲဆိုရင် အခုဦးလေးထမင်းမစားတာ နှစ်ရက်ရှိပါပြီ။ ဘယ်လောက်ပူပန်နေလဲဆိုတာ မပြောပြတတ်တော့ဘူး” ဟုပြောသည်။
ရှယ်ယာငွေများမှာ ဦးနုသာအောင်ထံမှ ကျပ် (၁၅,၅ဝဝ)သိန်း၊ ဦးညီချေထံမှ ကျပ် (၁,၃၅ဝ)သိန်း၊ ဦးသောင်းရွှေထံမှ ကျပ်(၁,၁၉ဝ)သိန်း၊ ဒေါ်စန်းစန်းဝင်းထံမှ ကျပ်(၁၁ဝ) သိန်း၊ ဦးမောင်နုခင်ထံမှ ကျပ်(၁၇၂) သိန်း၊ ဒေါ်မရွှေခင်ထံမှ ကျပ်(၃,ဝရဝ) သိန်း၊ ဒေါ်သန်းဌေးထံမှ ကျပ်(၁၁ဝ) သိန်း၊ ဒေါ်ဌေးဌေးမြင့်ထံမှ ကျပ်(၁၆ဝ) သိန်း၊ ဦးညီစေ့ကေထံမှ ကျပ် (၃၃ဝ) သိန်းနှင့် ဦးထွန်းကျော်ခိုင်၊ မခင်မြင့်တို့ထံမှ ငွေကျပ်(၁၆၅)သိန်းတို့ဖြစ်သည်။
၄င်းအပြင် ဦးထင်လင်းထံမှ ငွေကျပ်(၁ဝဝ)သိန်း၊ ဦးငမောချေထံမှ ငွေကျပ်(၁ဝဝ)သိန်း၊ ဦးမောင်မြဝင်းထံမှ ငွေကျပ်(၂ဝ)သိန်း၊ ဦးဖိုးရွှေလှထံမှ ငွေကျပ်(၂၅ဝ) သိန်း၊ ဒေါ်ရွှေရွှေမြင့်ထံမှ ငွေကျပ်(၂၈၆ဝ) သိန်းနှင့် ဦးခင်မောင်ချေထံမှ ငွေကျပ် (၅ဝ)သိန်းတို့ဖြစ်ကြသဖြင့် စုစုပေါင်းလူ (၁၆)ဦးထံမှ ငွေကျပ်၂၅,၅၃၇ သိန်းခန့်ဖြစ်ကြောင်း သိရသည်။
“ဦးလေးတို့ သူ့ဦးလေးတော်သူကိုမေးတော့ ကမ်းထောင်းကြီးက ငါးဒိုင်တစ်ခုက မိန်းမတစ်ယောက်က ငွေလိမ်သွားလို့ သွားရှာမယ်လို့ပြောခဲ့တယ်လို့ပြောတယ်။ သူက ငွေဘယ်သူ့ဆီကများလဲ။ အဲဒီလူကို ပြောပြထားလို့ပြောလိုက်တယ်လို့ဆိုတယ်။ မနေ့ကမနက်တော့ ဦးလေးဆီကို ဝင်းဇော်တို့လင်မယားဖုန်းဆက်လာတယ်။ သူတို့လင်မယား အဲဒီမိ်န်းမကိုလိုက်ရှာနေတာလို့ပြောတယ်။ ဒါပေမဲ့ ဒီနေ့မနက်ကတည်းက ဖုန်းစက်ပိတ်သွားတာပါ။ သူတို့အိမ်ကိုသော့ခတ်ထားခဲ့ကြပါတယ်။ ကားနဲ့မိသားစုလိုက်ထွက်သွားကြတာပါ” ဟု ဦးနုသာအောင်က ဆက်ပြောသည်။
ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်သန်းခင်ကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။
“ငွေပါသွားတဲ့အထဲမှာ ဦးလေးမိန်းမရဲ့ညီမလင်မယားမှာလည်း ပါသွားတယ်။ မနေ့က ဦးလေးဆီကိုအကြောင်းစုံဖုန်းဆက်လာတယ်။ သူ့မှာ သိန်းတစ်ထောင်ကျော်ပါသွားတာ။ ဦးသောင်းရွှေပါ။ အခုမောင်ဝင်းဇော်တို့အိမ်ကတော့ သော့ခတ်ထားတယ်။ လိမ်သွားတယ်လို့ပြောနေကြတယ်။ ဦးသောင်းရွှေတို့ ငွေရှယ်ယာဝင်တဲ့လူစာရင်း လိုက်ကောက်နေကြတယ်လို့ သိရတယ်”ဟုပြောသည်။
ကျောက်ဖြူမြို့၊ မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက သြဂုတ်လ ၂၇ ရက် ညနေပိုင်းက ရဲစခန်းသို့ ငွေအလိမ်ခံရသူများရောက်ရှိလာပြီး ငွေရှယ်ယာထည့်ဝင်ထားသူစာရင်းအတိအကျမပါလာဟုဆိုကာ ပြန်သွားသဖြင့် အမှုဖွင့်ခဲ့ခြင်းမရှိကြောင်း ပြောသည်။
“ကျွန်တော်တို့စခန်းကို ရောက်လာကြပါတယ်။ မေးမြန်းနေတုန်းမှာ ဖုန်းတစ်လုံးဝင်လာပြီး သူတို့လူစာရင်းပြည့်ပြည့်စုံစုံလုပ်ရအုံးမယ်လို့ဆိုပြီး မနက်ဖြန်ပြန်လာမယ်လို့ပြောတယ်။ ဒါပေမဲ့ ဒီနေ့လည်း မရောက်လာဘူး။ ဒါကြောင့် ပြန်အဆက်အသွယ်ရသွားကြတယ်လို့ထင်နေတာ” ဟု ယမန်နေ့က ပြောသည်။
ငွေလိမ်လည်ထွက်ပြေးသွားသည်ဟု စွပ်စွဲခံထားရသူလင်မယားနှစ်ဦးအား နိရဥ္စရာက ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အမျိုးသားဖုန်းမှာ ပိတ်ထားပြီး အမျိုးသမီးဖုန်းမှာ တစ်စုံတရာဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ