တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရခိုင် ၁၁ မြို့နယ်တွင် ကိုဗစ်လူနာမတွေ့တော့ဟု ပြည်နယ်အစိုးရထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k


ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၉ / ၂ဝ၂၁
ရခိုင်တစ်ပြည်နယ်လုံးရှိ ၁၇ မြို့နယ်အနက် ၁၁ မြို့နယ်တွင် ယမန်နေ့ကစစ်ဆေးချက်အရ ကိုဗစ်လူနာ မတွေ့တော့ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
ယမန်နေ့ သြဂုတ်လ ၂၈ ရက်ကစစ်ဆေးချက်အရ ပိုးမတွေ့တော့သည့်မြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ယနေ့ သြဂုတ်လ ၂၉ ရက်နံနက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။
တောင်ကုတ်မြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ကျဆရာဝန် ဒေါက်တာဇင်အောင်လင်းက “လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ ကိုဗစ်လက္ခဏာပြတဲ့လူမရောက်လာဘူး။ လျော့နည်းသွားတဲ့သဘောရှိတယ်။ ကိုဗစ်က လုံးဝကင်းစင်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူတွေ အပြင်တွေပြန်ထွက်လာကြရင် ပြန်တွေ့လာနို်င်တယ်။ အခုတော့ အပြင်သိပ်မထွက်ကြလို့ပါ” ဟု ပြောသည်။
ယမန်နေ့စစ်ဆေးချက်အရ ဘူးသီးတောင်တွင် (၄)ဦး၊ အမ်းတွင် (၁)ဦး၊ ကျောက်ဖြူတွင် (၄)ဦး၊ ရမ်းဗြဲတွင် (၁၂)ဦး၊ မာန်အောင်တွင် (၂)ဦးနှင့် ဂွတွင်(၁၂) ဦး၊ စုစုပေါင်း ကိုဗစ်လူနာ ၃၅ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
ရခိုင်တွင် ယမန်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄,ဝ၃၄ ဦး၊ သေဆုံးသူ ၃၈၅ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၃,၃၄၉ ဦးရှိပြီဟုလည်း ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ