တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဆရာတော်ဦးဥတ္တမနေ့အကြို မြို့နယ်များတွင် ဦးဥတ္တမရုပ်တုအား သန့်ရှင်းရေးပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

အေးမြတ်ခိုင်
နိရဥ္စရာ၊စက်တင်ဘာလ ၇/၂၀၂၁
စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်မည့် ဆရာတော်ဦးဥတ္တမနေ့ အကြို အဖြစ် မြို့များ ရှိ ပန်းခြံများတွင် တည်ထားသည့် ဆရာတော် ဦးဥတ္တမရုပ်တုနှင့် ပတ်ဝန်းကျင်ကို ပြည်သူများက သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စည်ပင်ဝန်ထမ်းများ၊ ရက္ခမဏ္ဍိုင် မင်္ဂလာ စည်တော်ဝိုင်း နှင့် စိမ်းပြာအဖွဲ့တို့က ယခုလ ၄ ရက်နေ့က ပြုလုပ်ခဲ့ကြသလို ကျောက်ဖြူ မြို့တွင်လည်း ဆရာတော်ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီက ယခုလ ၅ ရက်နေ့က သန့်ရှင်းရေးများပြုလုပ်ခဲ့ကြသည်။
မြောက်ဦးမြို့တွင်လည်း လူငယ်များက စုပေါင်းသန့်ရှင်းရေး ပြုလုပ်သွာမည်ဟု သိရသည်။
ယခုကဲ့သို့ သန့်ရှင်းရေးပြုလုပ်ရခြင်းမှာ ဦးဥတ္တမနေ့ အခမ်းအနားတွင် ဆရာတော်ရုပ်တုအား လာရောက်ဂါရဝပြုသူများ သန့်ရှင်းစွာဖြင့် ဦးညွှတ်ဂါရ၀ပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း စိမ်းပြာအဖွဲ့ ဥက္ကဌ ဦးလှဝင်းကပြောသည်။
"ကိုဗစ်ကာလဖြစ်တဲ့အတွက် လူတစ်ဆယ်ကျော်လောက်နဲ့ပဲ လုပ်လိုက် ကြတာပါ။ ဆရာတော်ဦးဥတ္တမနေ့မတိုင်ခင် ရုပ်ထုကိုသန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူတာပါ။ ပွဲကြီးအနေနဲ့ကျင်းပဖို့က အခါအခွင့် မရနိုင်ဘူးဆိုတော့ ဂုဏ်ပြုပန်းခွေချပြီး ဂါရဝပြုတာလောက်ပဲလုပ်လို့ရမယ်"ဟု ပြောသည်။
ကျောက်ဖြူမြို့တွင်လည်း ဆရာတော်ဦးဥတ္တမရုပ်တုနှင့် ပန်းခြံကို လူငယ်များက သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။.
ဦးဥတ္တမနေ့ကျင်းပရေးကော်မတီဟောင်း အတွင်းရေးမှူး ဦးအောင်စောသိန်းက "ဆရာတော်ဦးဥတ္တမနေ့အခမ်းနားမကျင်းပနိုင်ပေမယ့် လေးစားကြည်ညိုစိတ်နဲ့ ဆရာတာ်ဦးဥတ္တမကြေးရုပ်ထုကို ကြေးရောင် ပြောင်လက်သွားအောင် ဂျီးချွတ်တယ်။ ကိုဗစ်ကာလဖြစ်နေတော့ ဆရာတော်ဦးဥတ္တမနေ့ကျင်းပဖို့တော့မရှိဘူး"ဟု ပြောသည်။
မြောက်ဦးမြို့တွင်လည်း စက်တင်ဘာ ၈ ရက်နေ့တွင် သန့်ရှင်းရေး လုပ်သွားမည်ဟု မြောက်ဦးလူငယ်များ အစည်းအရုံး ဥက္ကဌ ကိုခိုင်မင်းသျှင်ကပြောသည်
"မနက်ဖြန်တော့ ဆရာတော်ရုပ်ထုကိုသန့်ရှင်းရေးလုပ်သွားဖို့ရှိတယ်။ ပွဲစီစဥ်ထားတာတော့မရှိဘူး။ ကျွန်တော်တို့အဖွဲ့ကတော့ သွားရောက် ဂါရဝါပြုဖို့တော့ရှိတယ်" ဟု ပြောသည် ။
ယခုနှစ် ကျရောက်သည့် (၈၂) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ကိုဗစ်ကာလဖြစ်သောကြောင့် ခမ်းနားကြီးကျယ်စွာ ကျင်းပ နိုင်မည်မဟုတ်သော်လည်း အကျဉ်းချုံးကာ ပန်းခွေချခြင်း၊ မီးပူဇော်ခြင်းများပြုလုပ်ကာ ဂါရ၀ပြုသွားကြမည်ဟု သိရသည်။
ရက္ခမဏ္ဍိုင်မင်္ဂလာစည်တော်ဝိုင်းလူငယ်အဖွဲ့ဝင် ကျော်သီဟက "လူငယ်တွေအနေနဲ့ဆရာတော်ကြီးဆီက အတုယူရမဲ့ အချက်တွေ ကတော့အများကြီးပါပဲ။ ရခိုင်တစ်ပြည်နယ်တည်း အတွက်မဟုတ်ဘူး။ ဆရာတော်ကြီးပြောခဲ့သလိုပဲ နောက်ဆုံးမှာတော့ မှန်ကန်တဲ့ တရားကသာ အနိုင်ရစမြဲဆိုတဲ့ စကားကို လက်ဆုပ်လက်ကိုင်ထားပါတယ်။ ဒီလို ဆရာတော်ကြီးရဲ့ စကားတွေကို လူငယ်တွေကိုသိစေချင်သလို လတ်တလော ကိုဗစ်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့အတွက် ကိုဗစ်ကိုလည်း မပေါ့ဆ စေချင်ဘူး" ဟုပြောသည်။
ဆရာတော်ကြီးသည် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်နယ်ချဲ့ လက်အောက်ကနေ လွတ်မြောက်အောင် မကြောက်တရားများဟော၍ ထောင်အကြိမ်ကြိ်မ်ကျခံကာ နိုင်ငံရေးမျိုးစေ့ကို ချပေးခဲ့သည့် ဦးဆောင်လမ်းပြပေးခဲ့သူဖြစ်သည်။
ဆရာတော်သည် မြန်မာနိုင်ငံကို နယ်ချဲ့စိုးမိုးနေတဲ့ အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက် မြန်မာပြည်က ထွက်သွားဖို့ သူရိယ သတင်းစာကနေတဆင့် ဆောင်းပါးရေးသား မောင်းထုတ်ရဲခဲ့တဲ့ အာဂသတ္တိရှင်ဖြစ်သည်။
ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်ရှိ မြို့များတွင် ကိုဗစ်ကြောင့် ဆရာတော် ဦးဥတ္တမနေ့ကို စည်စည်ကားကား မကျင်းပနိုင်သော်လည်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(ဂျပန်)မှ ဦးဆောင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ