တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့လယ်ချောင်းကိုတူးဖော်ရာတွင် အစိုးရနှင့်အတူ မြို့ခံများနှင့် အရပ်ဘက်အဖွဲ့များပါ ပူးပေါင်းပါဝင်သင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၄ / ၂ဝ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့လယ်ချောင်းကို အစိုးရက ပြန်လည်တူးဖော်ရာတွင် ထိထိရောက်ရောက်ဖြစ်စေရန် မြို့ခံများနှင့်အတူ မြို့လယ်ချောင်းအနီးနေထိုင်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများကပါ ပူးပေါင်းကူညီပေးသင့်သည်ဟု စစ်တွေမြို့ ကိုထွန်းလင်းအောင်က ပြောသည်။
“အရင်တုန်းက တူးဖော်ခဲ့တာတွေက ဟန်ပြပဲ။ အလုပ်ပြရင်ပြီးပြီ။ ခုအဲ့လိုမဖြစ်ရအောင် အားလုံး မြို့ခံတွေကအစ စိတ်ဝင်တစားနဲ့ လုပ်ဆောင်ရမယ်။ ခေါင်းဆောင်တဲ့လူတွေကလည်း ကိုယ့်လက်ထက်မှာ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးနိုင်မယ့် ဆန္ဒရှိရမယ်။ မြို့ခံတွေကအစ အားပေးရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒီလိုမျိုးကိစ္စတွေကို ကူညီပေးရမယ်”ဟု ပြောသည်။
စစ်တွေမြို့လယ်ချောင်းသည် မြို့၏အရှေ့ဘက်ခြမ်းရှိ ကုလားတန်မြစ်မှစီးဝင်ကာ မြို့တွင်းကိုဖြတ်ကျော်၍ မြို့တွင်းရပ်ကွက်တစ်ခုဖြစ်သည့် အောင်မင်္ဂလာရပ်ကွက် (အင်ဘာလာရပ်ကွက်)အထိ စီးဆင်းနေသည့် ချောင်းငယ်တစ်ခုဖြစ်သည်။
အရှည် ၁ မိုင်ကျော်ခန့်ရှည်လျားပြီး စစ်တွေမြို့တွင်းမှ ရေထွက်ပေါက်တစ်ခုဖြစ်သည်ဟုလည်း သိရသည်။
ယခုအခါ အဆိုပါချောင်းတစ်လျှောက် အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်လာနေခြင်းတို့ကြောင့် ကျဉ်းမြောင်းတိမ်ကောလျက်ရှိနေသည့်အတွက် နှစ်စဉ်တူးဖော်မှုပြုလုပ်နေရသည်ဟုလည်း မြို့ခံများက ပြောသည်။
ယခုနှစ်တွင်လည်း အဆိုပါမြို့လယ်ချောင်းတူးဖော်ရေးလုပ်ငန်းကို ဧပြီလတွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး ပိတ်ဆို့နေသောနေရာများကို ဦးစားပေးတူးဖော်သွားမည်ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက နိရ ဉ္စရာကို ပြောသည်။
“ချောင်းကိုတော့ လာမယ့်နှစ်ဘားဂျက်ကျမှ မိုးရာသီမရောက်ခင် လုပ်ဆောင်သွားမှာပါ။ အဓိကတော့ လိုအပ်တဲ့နေရာတွေကို တူးဖော်သွားမှာပါ။ တစ်ချောင်းလုံးတော့မဟုတ်ဘူး။ အမှိုက်တွေပိတ်ဆို့နေတဲ့နေရာတွေပေါ့”ဟု ပြောသည်။
အဆိုပါချောင်းကို ရခိုင်ပြည်နယ်အစိုးရက ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း တူးဖော်ခဲ့ရာ ချောင်းတစ်လျှောက်ရှိ လူနေအိမ် ၂ဝဝ ကျော်၏ နောက်ဖေးခြံမြေများနှင့်လွတ်ကင်းမှုမရှိ၍ဟုဆိုကာ လုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
ယင်းနောက် အစိုးရက နှစ်စဉ်လိုလို တူးဖော်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ဆက်လက်ရှိနေကြဆဲဟု မြို့ခံများက ပြောသည်။
ယင်းကြောင့် နှစ်စဉ်မိုးရာသီကျရောက်လျှင် မြို့တွင်းမှစီးဆင်းရမည့်ရေများမှာ မြို့လယ်ချောင်း အတိုင်းစီးဆင်းခြင်းမရှိတော့ဘဲ မြို့တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပွားတတ်သည်ဟုလည်း ဆိုသည်။
စစ်တွေမြို့လယ်ချောင်းအတွင်းသို့ ၁၉၉ဝ ပြည့်နှစ်မတိုင်မီက မော်တော်ဘုတ်များနှင့် စပါးရောင်းဝယ်သည့် သမ္ဗာန် များဝင်ရောက်သွားလာနိုင်သည်အထိ ကျယ်ဝန်းနက်ရှိုင်းခဲ့သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - စစ်တွေမြို့လယ်ချောင်းအား ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်။ / Photo - သျှင်မင်းဇံ၊ ဇော်ဝင်းအောင်/ နိရ ဉ္စရာ

ဆက်စပ် သတင်းများ