တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် စည်ပင်ကဖြန့်ဝေပေးနေသည့် ရေမသန့်ရှင်း၍ ခန္ဓာကိုယ်ယားယံခြင်းများ ဖြစ်နေကြဟု မြို့ခံများ ပြော


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 760

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လက်ဆည်ကန်မှ မြို့တွင်းရပ်ကွက်များသို့ မြို့နယ်စည်ပင်က ဖြန့်ဝေပေးနေသည့်ရေမှာ ပုတ်နံ့နံပြီး မသန့်ရှင်းသဖြင့် သုံးစွဲပါက ခန္ဓာကိုယ်ယားယံခြင်းများ ဖြစ်နေကြသည်ဟု ဒေသခံများက နိရဉ္စရာကိုပြောသည်။

ယင်းအပြင် သံချေးရောင်ဖြစ်နေသည့်အဆိုပါရေတွင် အညစ်အကြေးများ၊ အမှုန်အမွှားများလည်း ပါရှိပြီး ရေချိုးပြီးလျှင် ခန္ဓာကိုယ်ယားယံခြင်းများလည်း အကြီးအကျယ် ခံစားနေရသည်ဟု မြောက်ဦးမြို့၊ ငါးခြောက်စျေးရပ်ကွက်သားတစ်ဦးက ပြောသည်။

"အရင်တုန်းက ရေကသန့်ပါတယ်။ တစ်မြို့လုံးက ဒီရေကိုပဲ သောက်ကြတယ်။ ခုတော့ အညစ်အကြေးတွေနဲ့ ရေက တခါတခါအနီရောင်တွေထွက်လာတယ်။ ရေက မသန့်တော့ တချို့ဆို ယားနာတွေ ဖြစ်ကြတယ်"ဟု ပြောသည်။

ရေစစ်များဖြင့် ခံသုံးလျှင်လည်း အဆင်မပြေဖြစ်နေပြီး ရေသုံးစွဲရ အလွန်တရာအခက်အခဲ ဖြစ်နေကြသည်ဟု မြို့ခံများက ဆိုကြသည်။

မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြောခွင့်ရှိသူတစ်ဦးကမူ အဆိုပါရေမသန့်ရှင်းခြင်းမှာ ရေပိုက်များနှင့်မဆိုင်ဘဲ ရာသီဥတုကြောင့်ဖြစ်နိုင်သည်ဟု ပြောသည်။

"အခုလိုမိုးကာလတွေမှာ တောင်ကျရေကျတာနဲ့ ဖြစ်တာ။ ရာသီဥတုမမှန်တာတွေနဲ့ ဆိုင်တယ်ထင်ပါတယ်။ ရေစုကန်ကိုလည်းသန့်ရှင်းထားပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ခရီးစဉ်မှာလည်း ရေအနီရောင်ပေါ်ခြင်းကိစ္စနဲ့ ရေလုံလောက်အောင် ပေးဝေရေးကိစ္စတွေ တင်ပြထားပါတယ်"ဟု ပြောသည်။

မြောက်ဦးမြို့ကိုဖြန့်ဝေပေးနေသည့် လက်ဆည်ကန်သည် ပြီးခဲ့သည့်နွေရာသီကာလက ရေလုံးဝခမ်းခြောက်သွားသည့်အတွက် မြောက်ဦးမြို့ရှိ အနူမကန်မှ ရေများကို စည်ပင်က လက်ဆည်ကန်သို့ဖြည့်တင်းခဲ့ရသည်ဟု သိရသည်။

အနူမကန်တွင် အဝတ်လျှော်၊ ရေချိုးတတ်ကြသည့်အတွက် မသန့်ရှင်းသည့်ရေများကို လက်ဆည်ကန်ထဲသို့ ဖြည့်တင်းခဲ့မှုအပေါ်လည်း ဝေဖန်မှုများမြင့်တက်ခဲ့သည်။



ရေချိုအရင်းအမြစ်ပေါများသည့် ရခိုင့်ဘုရင့်နေပြည်တော်ဖြစ်ခဲ့သော မြောက်ဦးဒေသတွင် ယခုကဲ့သို့ သောက်သုံးရေရှားပါးမှုနှင့် သုံးစွဲရအဆင်မပြေဖြစ်နေကြသည်မှာ မဖြစ်သင့်ဟုလည်း မြို့ခံများက ပြောသည်။

လက်ဆည်ကန်သည် ယခုနောက်ပိုင်း တိမ်ကောလာသည့်အတွက်လည်း ပြန်လည်တူးဖော်ခွင့်ရရန် ရှေးဟောင်းသုတေသနဌာနထံ မြို့နယ်စည်ပင်က တောင်းဆိုထားသည်ဟု သိရသည်။

မြောက်ဦးမြို့တွင် လက်ဆည်ကန်နှင့် တောင်ဖြူချေရေကန်တို့ရှိရေများကို မြို့ပေါ်ရပ်ကွက်အချို့ထံ ဖြန့်ပေးဝေနေခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်သည် မိုးများသော ဒေသတစ်ခုဖြစ်သော်လည်း အုပ်ချုပ်သူ အစိုးရအဆက်ဆက်၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် သောက်သုံးရေပြဿနာမှာ မြို့နယ်တိုင်းလိုလိုတွင် ကြုံတွေ့နေရပြီး နွေရာသီဆိုလျှင် စစ်တွေမြို့အပါအဝင် မြို့တိုင်းရွာတိုင်းတွင် ရေရှားပါးကာ အခက်ကြုံလေ့ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ (NN-10)

ဆက်စပ် သတင်းများ