အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ရခိုင်မှ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားရေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 533

နိရဥ္စရာ၊ ဇူလိုင် ၂၁/၂၀၂၂
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ကလေးများသည် ပညာသင်ကြားရေးပိုင်းတွင် ခက်ခဲကျပ်တည်းမှုများရှိနေဆဲဖြစ်သည်ဟု သိရသည်။
၄င်းတို့၏စစ်ဘေးရှောင်စခန်းများတွင် စာသင်ဆောင်များနှင့် ဆရာ၊ ဆရာမများ မလုံလောက်ခြင်း၊ ရှိနှင့်သည့်စာသင်ဆောင်များလည်း ဟောင်းနွမ်းပြိုပျက်ကာ မိုးယိုနေကြခြင်း၊ အချို့ကလေးများသည် ၄င်းတို့နေထိုင်ရာ စစ်ဘေးရှောင်စခန်းမှ အလှမ်းဝေးသည့်စာသင်ကျောင်းများသို့ သွားရောက်ကျောင်းတက်နေရခြင်း၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများလုံလောက်မှုမရှိခြင်း စသည့်အခက်အခဲများကို ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ခံများနှင့် ကျောင်းသားမိဘများက ပြောသည်။
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်ဆိုလျှင် စာသင်ကျောင်းဆောင် ၄ ဆောင်ရှိသည့်အနက် ၂ ဆောင်၏ ခေါင်မိုးများနှင့် အကာနံရံများမှာ ပြီးခဲ့သည့်မေလ ၂၁ ရက်က တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် အသစ်ပြန်လည်မဆောက်လုပ်ရသေးဘဲ ခေါင်မိုးဟောင်းများဖြင့် ပြန်လည်ပြုပြင်ထားရသည်ဟု သိရသည်။
ယင်းသို့ပျက်စီးယိုယွင်မူများရှိနေ၍ မိုးရွာလျှင် မိုးယိုကျကာ ကျောင်းသား၊ ကျောင်းသူများတွင်လည်း ကျောင်းသုံးပစ္စည်များအပြင် စာသင်ဆောင်များနှင့် ဆရာ၊ ဆရာမများ လိုအပ်နေသည်ဟုလည်း ကျောင်းသားမိဘဖြစ်သူ စစ်ဘေးရှောင် ဦးမောင်ကျော်သောင်းက ပြောသည်။
"စခန်းက အတန်းငယ်တဲ့ကလေးတွေက စခန်းကစာသင်ကျောင်းမှာပဲ စာသင်ကြတယ်။ အတန်းကြီးတွေ။ ဆယ်တန်းတွေက သရက်တစ်ပင်ရွာမှာ သွားသင်ကြတယ်။ မပြည့်စုံတဲ့ကြားက ထားရတာဖြစ်တယ်။ လိုအပ်ချက်ကတော့ အားလုံးပါပဲ။ ပြည့်စုံတယ်လို့တော့ မရှိပါဘူး။ စခန်းမှာနေရတာဆိုတော့ လိုအပ်ချက်၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေကတော့ အပြည့်ပါပဲ" ဟု ပြောသည်။
အဆိုပါစခန်းတွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၄၆၃ ဦးရှိသည်ဟု သိရသည်။
အလားတူ မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ကျောင်းသူ၊ ကျောင်းသားများသည်လည်း မိုးရာသီတွင် လယ်ကွင်းများကိုပါ ဖြတ်သန်းပြီး စာသင်ကျောင်းရှိသည့်ကျေးရွာများသို့ ခက်ခက်ခဲခဲ သွားလာရသည့်အတွက် မိဘများကလည်း စိုးရိမ်မှုတို့ရှိနေသည်ဟု ယင်းစခန်းမှာ စခန်းတာဝန်ခံ ကိုမောင်မောင်စိုးက ပြောသည်။
"စခန်းထဲမှာတော့ စာသင်ကျောင်းဆောင်လည်းမရှိဘူး။ အနီးအနားက ရွာတွေမှာသွားတက်ရတယ်။ အတန်းကြီးတဲ့ကလေးတွေအတွက် သွားလာရတာမခက်ပေမဲ့ အတန်းငယ်တဲ့ ကလေးတွေအတွက်က အရမ်းအခက်အခဲဖြစ်တယ်။ ကျောင်းသုံးပစ္စည်းတွေကလည်း မရှိကြဘူး။ ရှိတာလေးတွေနဲ့ အဆင်ပြေအောင် လုပ်နေရတယ်"ဟု ပြောသည်။
အဆိုပါစခန်းတွင် ကျောင်းသား၊ ကျောင်သူဦးရေ စုစုပေါင်း ၁၀၀ ရှိသည်ဟု သိရသည်။
အခြားမြို့နယ်များရှိ စစ်ဘေးရှောင်ကလေးများတွင်လည်း ပညာသင်ကြားရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများတွင် စာသင်ကြားရေးအခက်အခဲဖြစ်နေသည်များကို မြို့နယ်ပညာရေးမှူးနှင့် ချိတ်ဆက်ကာ တောင်းဆိုရမည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
"နီးစပ်ရာ မြို့နယ်ပညာရေးမှူးဆီက တောင်းဆ်ိုရမယ်။ ပြည်နယ်ပညာရေးမှူးက အားလုံးချပေးပြီးသား။ စစ်ဘေးရှောင်ကျောင်းသားတွေအတွက် ကျောင်းသုံးပစ္စည်းတွေ၊ ဗလာစာအုပ်နဲ့ ပုံနှိပ်စာအုပ်တွေပါပေးထားပြီးသား”ဟု ပြောသည်။
စာသင်ဆောင်များအခက်အခဲဖြစ်နေလျှင်လည်း မြို့နယ်ပညာရေးမှူးနှင့် ချိတ်ဆက်တောင်းဆိုပါဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှစတင်ကာ ၂ဝ၂ဝ ပြည့်နှစ်အထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် စစ်ဘေးရှောင်သိန်းနှင့်ချိန် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
ယင်းအထဲတွင် ကျောင်းနေအရွယ်ကလေးများလည်း အများအပြားပါဝင်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်အများအပြား နေရပ်ပြန်သွားကြပြီဖြစ်သော်လည်း ကျေးရွာအနီးနှင့် တောတောင်များတွင် အစိုးရက မိုင်းရှင်းလင်းပေးမှုမရှိသေးသည့်အတွက် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များလည်း ရှိနေသေးသည်ဟု သိရသည်။ (NN-12)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ