တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူ စနဲစခန်းမှူးကို AA ဖမ်းသွားပြီးနောက် စနဲမြို့တွင် လုံခြုံရေးတင်းကျပ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.7k

နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့စခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် စနဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တင်းကျပ်ထားသည်ဟု သိရသည်။
စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းသည် ယနေ့ ဇူလိုင် ၂၄ ရက်က နံနက် ၈ နာရီကျော်တွင် စနဲမြို့စျေးသို့ စျေးလာဝယ်လာစဉ် AA တပ်ဖွဲ့ဝင်များက စျေးအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ယင်းသို့ဖမ်းဆီးခံရပြီးနောက် စနဲမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတိုးချဲ့ချထား၍ စျေးအတွင်းရှိ စျေးဆိုင်ခန်းများကိုလည်း ပိတ်လိုက်ရပြီဟု မြို့ခံတစ်ဦးက ပြောသည်။
“သူနဲ့အတူ စျေးဝယ်လာချိန်မှာ ဘယ်သူတွေပါလဲတော့မသိဘူး။ ဒါပေမဲ့ သူတစ်ယောက်တည်းကိုပဲ ခေါ်သွားတာ။ လက်ရှိမှာတော့ လုံခြုံရေး တင်းကျပ်ထားလို့ စျေးဆိုင်တွေလည်း ပိတ်ထားကြပါပြီ”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
AA ပြောခွင့်ရသူ ဦးခိုင်သုခကိုလည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ရက္ခိုင့်တပ်တော်(AA)အနေဖြင့် စစ်ဘက်နှင့်ဆက်နွယ်သည်ဟု သံသယရှိသူများကို ခေါ်ယူစစ်ဆေးလျက်ရှိပြီး စစ်ဘက်နှင့်သက်ဆိုင်မှုမရှိလျှင် ပြန်လွှတ်ပေးနေသည်ဟု AA က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့် ယာဉ်မောင်းဦးမောင်ကျော်နိုင်တို့ကိုလည်း ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က ဖမ်းဆီးခဲ့သော်လည်း စစ်ဘက်နှင့် သက်ဆိုင်မှုမရှိဟုဆိုကာ AA က ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

ဆက်စပ် သတင်းများ