တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်ရေး အခြေအနေများကြောင့် အမ်း- ပဒါန်းကားလမ်းအား အကန့်အသတ်မရှိ ပိတ်ထားလိုက် ကြောင်း AA အရေးပေါ်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

အေးမြတ်ခိုင်

နိရဉ္စရာ၊ ဧပြီလ ၂/၂၀၂၄

စစ်ရေး အခြေအနေများကြောင့် အမ်း- ပဒါန်းကားလမ်းအား အကန့်အသတ်မရှိ ပိတ်ထား လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယနေ့ ဧပြီလ ၂ ရက်တွင် အရေးပေါ်ကြေညာ ချက်ထုတ်ပြန်သည်။


ရက္ခိုင်ပြည် အမ်း နှင့် မကွေးတိုင်းအကြားတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ မတ်လ (၂၆) ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


ရခိုင်တွင် စစ်ရေးပြင်းထန်နေပြီး အကျအရှုံးများနေသည့်စစ်ကောင်စီသည် အများပြည်သူများသွား လာနေသည့် လမ်းများအနက် ရက္ခိုင်ပြည်၊ အမ်းမြို့ နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင်လည်း စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာ နှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ် မိုင်းများထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိသည့်အပြင် ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာပြီဖြစ်သောကြောင့် အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ နိုဗာ (၁) စစ်ဒေသက အရေးပေါ်ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။


တစ်ပြိုင်နက်တည်းတွင် နိုင်ငံအနှံ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်ရေးတွင်သာမက သံတမန်ရေးရာမျက်နှာစာများ တွင်လည်း ဆက်တိုက်ရှုံးနိမ့်နေသည့်တိုင် ပြည်သူလူထုများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်သည့်လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေဆဲပင်ဖြစ်ကြောင်း၊  ပြည်သူလူထုအား စစ်မှုမထမ်း မနေရဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးသွင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ