တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကြောရေးတွင်ဒဏ်ရာရရှိခဲ့သည့် မြောက်ဦးဒေသခံ ရန်ကုန်တွင်ဆေးကုသမှုခံယူရန် ငွေကြေးအခက်အခဲရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k


နိရဥ္စရာ၊ သြဂုတ် ၈/၂၀၂၂

စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂ နှစ်)သည် လက်ရှိ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရပြီး ဆက်လက်ဆေးကုရန်အတွက် မိသားစု၌  ငွေကြေးအခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)နှင့် တရားစွဲ ခံထားရပြီး စစ်ကြောရေးတွင်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် မိမိစရိတ်ဖြင့် မိမိ ဆေးကုသမှုခံနေရခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦးက ပြောဆိုသည်။

" အရင်ထက်နည်းနည်းတော့ သက်သာတယ်။ ဒါပေမယ့် ကြာရှည်နေပြီးကုရမယ် ပြောတယ်။ အဓိက ကျောက်ကပ်ကို ိခိုက်ပြီး အဆုတ်လည်းပုံမှန်ပြန်မဖြစ်သေးဘူး။ တခြား ခန္ဓာကို အပြင် ဒဏ်ရာတွေလည်း ရှိတယ်။ အပြင်ဒဏ်ရာထက် အခုက တွင်းဒဏ်ရာကပိုဆိုးသွားတယ် ရေရှည်ကုရမယ်ဆိုတော့ ဘယ်လိုမှ မိသားစုက မတတ်နိုင်ဖြစ်နေပါတယ်" ဟု ၎င်းက ပြောသည်။

ကိုကျော်ဝင်းလှိုင်သည် စစ်ကြောရေးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် စစ်တွေရှိ စစ်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရာ မသက်သာဘဲ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ဇူလိုင် ၄ ရက်မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူနေရသည်ဟု ပြောဆိုသည်။

လက်ရှိတွင် အနည်းငယ်သက်သာသော်လည်း စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ အတွင်းပိုင်းထိခိုက်မှု ပြင်းထန်သည့်အတွက် ကာလကြာရှည်ကုသမှုခံယူရမည့် အခြေအနေရှိနေကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။

ကိုကျော်ဝင်းလှိုင်တို့မိသားစုမှာ လက်လုပ်လက်စားပြည်သူများဖြစ်ကြသည့်အတွက် ယခုကဲ့သို့အ အိမ်ထောင်ဦးစီးဖမ်းဆီးနှိပ်စက်ခံရပြီး သုံးဘီး(တုတ်တုတ်)ပါအသိမ်းခံထားရ၍ ဆေးကုသရန် နီးစပ်ရာ ဆွေးမျိုးထံမှ ဆေးကုသရန်ငွေကြေးချေးငှားထားရကြောင်း သိရသည်။

"အခက်အခဲက ဆေးကုသမှုခံယူနေရင်း သတင်းတွေမှာပါလာလို့ သူတို့က ခြေထိပ်ခတ်ထားတယ်။ အစကတည်းက ဝေဒနာ ခံစားနေရတာကို ခြေထိပ်နဲ့ဆိုတော့ ပိုဆိုးတာပေါ့။  ဆေးကုသတာကလည်း ကိုယ့်ငွေနဲ့ကုရတာပါပဲ။ အစကတည်းက ငွေကြေးအဆင်မပြေလို့ သုံးဘီးမောင်းစားနေရတာ အခု လူလည်းအဖမ်းခံ၊  သုံးဘီးလည်းအသိမ်းခံရတော့ ငွေကြေးအခက်အခဲရှိနေပါတယ်" ဟု ပြောသည်။

သူသည် ဇွန်လ ၂၂ ရက် နံနက် ၇ နာရီကျော်တွင် တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီးမောင်းရန် အိမ်မှ ထွက်သွားစဉ် မြောက်ဦးမြို့ နာရေးကူညီမှုရုံးအနီးရှိ စစ်ဆေးရေးဂိတ်အရောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ကားပေါ်တင်၍ မြောက်ဦးရှိ ၅၄၀ တပ်ထဲသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသူဖြစ်သည်။

ယင်းသို့ဖမ်းဆီးခံရပြီးနောက် သူသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)နှင့် တရားစွဲခံထားရသည်ဟုလည်း သိရသည်။

မြောက်ဦးတွင် ဇွန်လ ၂၁ ရက် ည ၈ နာရီခန့်က စရဖ ၃ ဦးကို AA က ဖမ်းဆီးသွားပြီးနောက် ယင်းနေ့ညနှင့် ဇွန်လ ၂၂ ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဦးမြို့အတွင်း အဖမ်းအဆီး အစစ်အဆေးတင်းကျပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယင်းသို့မြို့ခံများကို ဖမ်းဆီးခဲ့စဉ် ကိုကျော်ဝင်းလှိုင်လည်း အခြားမြို့ခံများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ (NN-7)

ဆက်စပ် သတင်းများ