တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ချွတ်ပြင်မွတ်ဆလင်ရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်နှင့်ရခိုင်မျိုးနွယ်စုဝင် ၅ ဦးကို အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့က စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.1k

နိရဥ္စရာ၊ မတ် ၆/၂ဝ၂၃

၂ဝ၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ရွာမှ  မွတ်ဆလင်ကျေးရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး  အသစ် ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီ အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့က ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် ၅ ဦးကို စတင်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ယခုစစ်ဆေးမှုသည်ထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် န်နဝါရီလ ၂၄ ရက်တွင် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးနောက် စတင်စုံစမ်းစစ်ဆေးလာခြင်းဖြစ်သည်။

စစ်ဆေးခံခဲ့ရသူများအထဲတွင်   ဦးပါဝင်ပြီး ချွတ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နောက်ထပ်ရွာသား ၁ ဦးတို့မှာ ရခိုင်လူမျိုးများဖြစ်ပြီး ကျန်ရွာသား ၃ ဦးမှာ ရခိုင်မျိုးနွယ်စုဝင် သက်လူမျိုးများဖြစ်သည်ဟု ကိုယ်တိုင်သွားရောက် စစ်ဆေးခံခဲ့ရသူတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် ချွတ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ယင်းရွာမှ နောက်ထပ် ရွာသား ၄ ဦးတို့ကို ဘူးသီးတောင်မြို့ရှိ ဗျူဟာသို့ခေါ်ယူကာ စစ်ဆေးမေးမြန်းမှုအချို့ စတင်ပြုလုပ်ခဲ့ကြောင်း၊  ယင်းနေ့က နံနက် ၈ နာရီမှ နံနက် ၁၁ နာရီခန့်အထိ စစ်ဆေးခံရပြီးနောက် ကိုယ်တိုင်ထွက်ဆိုခဲ့သည်မှာ မှန်ကန်ကြောင်းကိုလည်း ဘူးသီးတောင် မြို့နယ်တရားရုံးသို့သွားရောက်ကာ လက်မှတ်ထိုးခဲ့ရသည်ဟု ၎င်းက ပြောသည်။

ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် ယခင်ဖွဲ့စည်းခဲ့သည့် ချွတ်ပြင်ရွာဖြစ်စဉ် အထူးစုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့၏ ၂ဝ၁၇ ခုနှစ်ကတစ်ကြိမ်နှင့် ၂ဝ၂ဝ ပြည့်နှစ်ကတစ်ကြိမ်ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးချက် အချို့ကို မှန်ကန်မှုရှိ/မရှိ စစ်ဆေးမေးမြန်းခဲ့သည်ဟု ပြောသည်။

အဲဒီစစ်ချက်တွေဟာ မှန်ရဲ့လားလို့ မေးတာပါ။ အဲဒါကို ဖတ်ပြတယ်။ ဟုတ်ရင် ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူး။ အဲလိုဖြေရတာပါ။ မှန်တော့ မှန်ပါတယ်ဟု ပြောသည်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သော ရသေ့တောင် မြို့နယ် ချွတ်ပြင် မွတ်ဆလင်ကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် မောင်နုကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်သည့် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေးအတွက် ဗိုလ်ချုပ်မြတ်ကျော်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို စစ်တပ်က ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့အနေဖြင့် မောင်နုကျေးရွာဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်ကို စစ်ဆေးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုသို့ မစစ်ဆေးနိုင်ခြင်းမှာ ချွတ်ပြင်ကျေးရွာတွင် နေထိုင်ခဲ့သည့် အရပ်သားများမှာ ၎င်းကျေးရွာတွင်လည်းကောင်း၊ အနီးဝန်းကျင်ရှိကျေးရွာများတွင်လည်းကောင်း နေထိုင်မှုမရှိတော့သဖြင့် မစစ်ဆေးနိုင်ခဲ့သလို ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် သွားလာမှုကန့်သတ် ထိန်းချုပ်လိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
နောက်ပိုင်းတွင် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားသော ဗိုလ်ချုပ်မြတ်ကျော်သည် စစ်တပ်က အငြိမ်းစားယူသွားခဲ့သည့်အတွက် ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက်ဟုဆိုကာ အဆိုပါခုံရုံးအဖွဲ့ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၄ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ယင်းသို့ ပြင်ဆင်ဖွဲ့စည်းရာတွင် ယခင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော်နေရာတွင် ဗိုလ်မှူးချုပ် စိုးတင့်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပြီး ဗိုလ်မှူးကြီး သန်းလှိုင်နှင့် ဗိုလ်မှူးကြီး မျိုးအောင်တို့က အဖွဲ့ဝင်အဖြစ် တာဝန်ပေး ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
စစ်ဆေးရန်ကျန်နေသေးသည့် ချွတ်ပြင်ရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုအပ်သည့် စစ်ဆေး ဆောင်ရွက်မှုများကိုလည်း ယခုပြင်ဆင်ဖွဲ့စည်းလိုက်သည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့က ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ဆိုထားသည်။
ချွတ်ပြင်ကိစ္စနှင့်ပတ်သက်ပြီး ထိုခုံရုံးက နောက်ထပ် တစ်စုံတစ်ရာ ခေါ်ယူပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ဟုလည်း ကိုယ်တိုင်သွားရောက်စစ်ဆေးခံခဲ့ရသူတစ်ဦးက ပြောသည်။
သူတို့  စစ်ဆေးပြီးရင် ဘာမှတော့ ထပ်ပြောခဲ့တာမရှိဘူး နောက်ထပ်စစ်ဆေးတာလည်း မရှိတော့ပါဘူးဟု ပြောသည်။
ယခုကဲ့သို့ စစ်ဆေးရန်ကျန်နေသေးသည့် ချွတ်ပြင်ရွာဖြစ်စဉ်အား ပြန်လည်စစ်ဆေးရန် စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်လာခြင်းမှာ နိုင်ငံတကာဖိအားကြောင့်ဖြစ်နိုင်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက နိရဥ္စရာကိုပြောဆိုထားသည်။
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် ညသန်းခေါင်ယံအချိန်တွင် ARSA အာဆာလက်နက်ကိုင်အဖွဲ့က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းမှ ၃ဝ ကျော်နှင့် စစ်တပ် တပ်ရင်းတစ်ခုကို တပြိုက်နက်ဝင်ရောက် စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းဖြစ်စဉ်အပေါ် စစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးစဉ် ချွတ်ပြင်ရွာနှင့် မောင်နုကျေးရွာဘက်တွင် အင်အားအလွန်အကျွန်အသုံးပြုပြီး နေအိမ်များမီးရှို့ခြင်း၊  ကျေးရွာသားများအား စုလိုက်အပြုံလိုက် သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည်ဟု မွတ်ဆလင်ကျေးရွာသားများက ပြောဆိုထားသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)၏ ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၂၁ ရက်ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ချွတ်ပြင်ကျေးရွာ၌ ARSA တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများ အပါအဝင်လူဦးရေ ၁ဝဝ ခန့်နှင့် မောင်နုကျေးရွာတွင် လူဦးရေ ၁ဝဝ နှင့် ၂ဝဝ ကြား အသတ်ခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
ယင်းသို့ စွပ်စွဲပြောဆိုထားမှုများနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်သိရှိစေရန်ဟုဆိုကာ မြန်မာ စစ်တပ်ဘက်က အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ၂ဝ၁၇ ခုနှစ်က ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးမှုရလဒ်များကို စစ်တရားရုံးထံတင်ပြကာ စစ်တရားရုံးကသာ ပြစ်ဒဏ်ချမှတ်မည့်အပိုင်းကို စီရင် ဆုံးဖြတ်ရမည်ဟုလည်း သိရသည်။

၎င်းဖြစ်စဉ်တွင် မောင်တော ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တွင်းမှ  မူဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၎င်းဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သလို ဒေသခံ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး အပါအဝင် ဟိန္ဒူဘာသာဝင်များလည်း သေဆုံးခဲ့ရပြီး ဒေသခံ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် သောင်းနှင့်ချီ နီးစပ်ရာမြို့ကြီးများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။
(NN-16)
ပုံစာ- ၂ဝ၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း မီးရှို့ခံခဲ့ရသည့် မောင်တောမြို့နယ်မှ ကျေးရွာတစ်ခုအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ