အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ခရိုင်အဆင့်တိုးမြှင့်ထားသည့် တောင်ကုတ်တွင် သင်္ကြန်ကို အထူးစည်းကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

(ဟိုမဏ္ဍပ် စတင်တည်ဆောက်၊ ဌာနဆိုင်ရာယိမ်းအကအဖွဲ့ (၇)ခုဖြင့် ဖြေဖျော်မည်)

နိရဥ္စရာ၊ ဧပြီ / ၂၀၂၃

ခရိုင်အဆင့်တိုးမြှင့်သတ်မှတ်ထားသည့် တောင်ကုတ်မြို့တွင် ပြည်နယ်ကောင်စီက သင်္ကြန်ပွဲတော်ကို အထူးစည်ကားစွာကျင်းပရန် ပြင်ဆင်နေပြီး ဗဟိုမဏ္ဍပ်ကို စတင်တည်ဆောက်နေပြီဟု သိရသည်။

သင်္ကြန်ဗဟိုမဏ္ဍပ်ကို တောင်ကုတ်မြို့မရဲစခန်းဘေးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဧပြီလ ၁ ရက်မှ စတင်တည်ဆောက်နေပြီ ဖြစ်ကာ သင်္ကြန်တွင် ပါဝင်ဖြေဖျော်မည့် ဌာနဆိုင်ရာယိမ်းအကအဖွဲ့ (၇)ခုလည်း အကတိုက် လေ့ကျင့်နေပြီဟု ဌာနဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"မြို့နယ် ထွေအုပ်ရုံးရှေ့မှာ ဗဟိုမဏ္ဍပ်ကြီးစဆောက်နေတာတွေ့တယ်။ ဟိုတစ်နေ့ကစပြီးတော့ ဆောက်တာပါ" ဟု ပြောသည်။

တောင်ကုတ်သင်္ကြန်တွင် ပထမဆုံးအကြိမ်လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း ထည့်သွင်းထားပြီး We Love Taunggoke ဆိုင်းဘုတ်ရှိရာ ချောင်းကောက်ရပ်ကွက်၊ ကမ်းနားလမ်းမှ ဂူတာရပ်ကွက်ရှိ ညောင်ပင်ကြီးအဝိုင်းအထိ သတ်မှတ်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက နိရဥ္စရာကို ပြောဆိုသည်။

"သင်္ကြန်ကို စည်စည်ကားကားကျင်းပမယ်။ ဗဟိုမဏ္ဍပ်တော့ တည်ဆောက်နေပါပြီ" ဟု ပြောသည်။

တောင်ကုတ်မြို့၊ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များအဖြစ် ခရိုင်ထွေအုပ် လှပျိုဖြူများယိမ်း၊ မြို့နယ်ထွေအုပ် လှပျိုဖြူများယိမ်း၊ ဌာနဆိုင်ရာ အမေများအဖွဲ့ယိမ်း၊ ပညာရေးဌာန အမှတ်(၁)ယိမ်း၊ ပညာရေးဌာန အမှတ်(၂)ယိမ်း၊ ပညာရေးဌာန အမှတ်(၃)ယိမ်းနှင့် ပညာရေးဌာန အမှတ်(၄)ယိမ်းစသည့် ယိမ်းအကအဖွဲ့(၇)ခုက ကပြဖျော်ဖြေသွားမည်ဟု သိရသည်။

အဆိုပါယိမ်းအဖွဲ့များမှာ တောင်ကုတ်မြို့နယ်ခန်းမတွင် ယခုလအစောပိုင်းမှစတင်ကာ နေ့စဉ် အကတိုက်နေပြီဟုလည်း တောင်ကုတ်ယိမ်းပြိုင်ပွဲကျင်းပရေးနှင့် ဖျော်ဖြေရေးကော်မတီဥက္ကဋ္ဌ ဦးရည်သန့်က နိရဥ္စရာသို့ ပြောသည်။

"ဒီနှစ်သင်္ကြန်ကို ခရိုင်လည်းဖြစ်ပြီဆိုတော့လေ။ ကျွန်တော်တို့ အားလုံးပါဝင်ဆင်နွှဲနိုင်အောင် စည်စည်ကားကားလေး စီစဉ်ထားတယ်ပေါ့နော်။ ဗဟိုမဏ္ဍပ်ရှိမယ်။ ရခိုင်ရိုးရာလောင်းလှေနဲ့ ပက်တာရှိမယ်။ သင်္ကြန်ဗဟိုမဏ္ဍပ်မှာ ယိမ်းအကနဲ့ဖျော်ဖြေတာတွေ စီစဉ်ထားတာတွေရှိပါတယ်ဗျ" ဟု ပြောသည်။

တောင်ကုတ်မြို့ကို အမ်းမြို့နှင့်အတူ ခရိုင်မြို့အဖြစ်သတ်မှတ်ခဲ့ကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်တွင် ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက မီဒီယာများကို တရားဝင်ပြောဆိုခဲ့သည်။

တောင်ကုတ်တွင် ကံပိုင်၊ ဂူတာ၊ သိမ်တောင်နှင့် ချောင်းကွက်စသည်ဖြင့် ရပ်ကွက်(၄)ခုရှိပြီး ရပ်ကွက်အချို့တွင် ရပ်ကွက်အစီအစဉ်ဖြင့် မဏ္ဍပ်များဆောက်ကာ ရေပက်ကစားကြရန် ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။

ရခိုင်တွင် ယခု ၂၀၂၃ ခုနှစ်သင်္ကြန်ပွဲတော်ကို စစ်ကောင်စီသည် ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့အပါဝင် ခရိုင်မြို့ကြီးများဖြစ်သည့် ကျောက်ဖြူ၊ တောင်ကုတ်နှင့် သံတွဲတို့တွင် အထူးစည်ကားစွာကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ ပြောဆိုကြသည်။

ယခုနှစ် သင်္ကြန်ပွဲတော်ကို ပြည်နယ်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပြိုင်ကျင်းပမည့်သဘောရှိပြီး ရက္ခိုင့်တပ်တော်(AA)ကလည်း ဇီးချောင်းသင်္ကြန်ကို စည်ကားစွာကျင်းပရန်ရှိကြောင်း ပြောဆိုထားသည်။ (NN-23)

 

ဓာတ်ပုံ - တောင်ကုတ် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုမြင်ကွင်းများ။

ဆက်စပ် သတင်းများ