တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော လိပ်သားပေါက် ၁၅၀နီးပါးကို ပင်လယ်ထဲလွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ ၊ ဧပြီ ၉ / ၂၀၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာအတွင်းရှိ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်သုံးခုထဲမှ ပုန်းညက်ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်နှင့် ဂျိုင်ကြီးပင်လယ် လိပ်ထိန်းသိမ်းရေးဇုန်များတွင် ပေါက်ဖွားခဲ့သည့် လိပ်သားပေါက်  လိပ်လှောင်း (၁၄၅) ကောင်အား ယမန်နေ့ ဧပြီလ ၈ ရက်မနက်ပိုင်းက ပင်လယ်ထဲသို့ လွှတ်ပေး ခဲ့ကြောင်း ကျိန္တလီဒေသကမ်းနီး ငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲအသင်း (KIFCA)၏ အတွင်းရေးမှူး ဦးသန့်ဇင်ဦး(ခ) ကိုသားကြီးက နိရဉ္စရာသတင်းဌာနကို ြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ယိုယွင်းပျက်စီးလာမှုအပြင် ကမ်းနီးငါးဖမ်းပိုက်များ၏ ခြိမ်းခြောက်မှုအန္တရာယ်များကြောင့်  ပင်လယ်လိပ်သေဆုံးမှု များပြားလာသည့် ရခိုင်တွင် ရှားပါး လိပ်များ မျိုးသုဉ်းသွားမည့်အရေးကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ယင်းသို့ ပင်လယ်လိပ်သားပေါက်(လိပ်လှောင်း) များကို ပင်လယ်ထဲသို့  လွှတ်ပေးခဲ့ကြောင်းသိရသည်။

" ကျွန်တော်တို့ ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာထဲမှာရှိတဲ့ လိပ်ထိန်းသိမ်းရေးဇုန်ထဲက ဇုန်(၁)နဲ့ ဇုန်(၃)မှာ သားပေါက်ခဲ့တဲ့ လိပ်တွေကို လွှတ်တာပေါ့နော်။ တချို့လိပ်တွေက သူ့သဘာဝအတိုင်း ဆင်းသွားတာတွေရှိပါတယ်။ ကျွန်တော်တို့က လိပ်ကျင်းတွေမှာ သားပေါက်ပြီး အားနည်းပြီးတော့ ရေထဲမဆင်းနိုင်ခဲ့တဲ့ အကောင်တွေကို ပြန်လွှတ်ပေးတာပါ" ဟု ၎င်းက ပြောသည်။

ဂျိုင်ကြီးလိပ်ထိန်းသိမ်းရေးဇုန်(ဇုန် ၃)ရှိ လိပ်ဥကျင်းမှာ သားပေါက် ၉၇ ကောင် ပေါက်ပြီး  သဘာဝအတိုင်း ပင်လယ်ထဲသို့ ပြန်ဆင်းသွားကြောင်း၊ လိပ်လှောင်း အသေ ၄ ကောင်နှင့် သားမပေါက်နိုင်ဘဲကျန်ခဲ့သည့် လိပ်ဥ ၁၃ လုံးတွေ့ရကြောင်း ပြောဆိုသည်။

ပုန်းညက်လိပ်ထိန်းသိမ်းရေးဇုန်(ဇုန် ၁)ရှိလိပ်ဥကျင်းမှ သဘာဝအတိုင်းလိပ်လှောင်း ၆၆ ကောင်သားပေါက်ခဲ့ပြီး ပင်လယ်ထဲသို့ လွှတ်ပေးခဲ့ပြီး  အသေ ၂ ကောင်နှင့် သားမပေါက်ဘဲကျန်ရှိနေသည့် လိပ်ဥ ၄၄ လုံးကျန်ရှိနေကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။

အဆိုပါလိပ်ထိန်းသိမ်းရေးဇုန်နှစ်ခုတွင် ဧပြီလ ၇ ရက်ညဥ့်အချိန်တွင် လိပ်လှောင်း ၁၄၅ ကောင်ပေါက်ဖွားခဲ့ပြီး တချို့လိပ်အများစုမှာ သဘာဝအတိုင်း ရေထဲသို့ ဆင်းနိုင်ခဲ့ပြီး တချို့မဆင်းနိုင်ဘဲ ကျင်းထဲတွင်ကျန်ရှိနေသည့် လိပ်သားပေါက်ကလေးများအား မနက်ပိုင်းတွင် ရေထဲသို့ ပို့ဆောင် ွှတ်ခဲ့ခြင်းဖြစ်ကြောင်း သူကပြော သည်။

အဆိုပါ ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာထဲတွင် ကမ်းခြေအရှည် ၂၄ မိုင်( ၁၇၉၂၀၀ ဧက) အား ဇုန်သုံးဇုန်ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး ပုန်းညက်လိပ်ထိန်းသိမ်းရေးဇုန်း၊ ပလင်ပေါ် လိပ်ထိန်းသိမ်းရေးဇုန်နှင့် ဂျိုင်ကြီးလိပ်ထိန်းသိမ်းရေးဇုန် တို့ဖြစ်ကြောင်းသိရသည်။

လိပ်လှောင်းများသည် မြန်မာနိုင်ငံတွင်ရှိသည့် ပင်လယ်လိပ် မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်ပြီး မျိုးသုန်းရန် အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ်တစ်ခုဖြစ်ကြောင်း သိရသည်။

လိပ်လှောင်းမှာ ဦးခေါင်းသေးပြီး ကျောခွံမှာ သံလွင် ရောင်ရှိကြသည်။

ရခိုင်ဒေသတွင် ရှိသည့် ပင်လယ်လိပ်များမှာ ငါးဖမ်းပိုက်များဖြစ်သည့် လိပ်ကျောက်ပိုက်၊ သီရိလင်္ကာိုက်စသည့် ကမ်းနီးငါးဖမ်းပိုက်များနှင့် ပင်လယ်တွင်းစွန့်ပစ်ထားသည့် ပလပ်စတစ်များ၏ ခြိမ်းခြောက်မှု အန္တရာယ်များအားအဓိကကြုံတွေ့နေရကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။

" ကျွန်တော်တို့ဒီဒေသမှာရှိတဲ့ အများအားဖြင့် ပင်လယ်လိပ်ကလေးတွေကို အဓိကခြိမ်းခြောက်နေတာက လိပ်ကျောက်ပိုက်လို့ ခေါ်မယ်ပေါ့။ပြီးတော့သီရိလင်္ကာ ိုက်တွေအပြင် တခြား ငါးဖမ်းပိုက်တွေပေါ့။အဲဒါတွေလိပ်တွေက ကျတယ်။ ကျပြီးတော့ သေတဲ့ကောင်သေကုန်တယ်။ နောက်တခါကျနော်တို့ဒေသတွေဆိုရင် ချောင်းတွေရှိတယ်။အဲဒီချောင်းတွေက ထွက်လာတဲ့ စွန့်ပစ်ထားတဲ့ ပလတ်စတစ်တွေပေါ့။အဲဒါတွေကို သူတို့က(ပင်လယ်လိပ်တွေ)က ရေခူအမှတ်နဲ့စားပြီး
သေတာမျိုးတွေပေါ့" ဟု သူကပြောသည်။

ကမ္ဘာပေါ်တွင်ပင်လယ်လိပ်မျိုးစိတ် ၇ မျိုးရှိပြီး၊အရှေ့တောင်အာရှတွင်ပင်လယ်လိပ်မျိုးစိတ် ၆ မျိုးနှင့်၊ မြန်မာနိုင်ငံတွင်ပင်လယ်လိပ်မျိုးစိတ် ၅ မျိုးရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်ရှိသည့် ပင်လယ်လိပ်မျိုးစိတ်များမှာ Green Turtle (ပြင်သာလိပ်)၊  Hawkbills Turtle (လိပ်ကြက်တူရွေး)၊  Loggerhead Turtle ( လိပ်ခွေး) Leatherbacks Turtle ( လိပ်စောင်းလျား)နှင့် Olive Ridleys Turtle ( လိပ်လှောင်း)တို့ဖြစ်ကြောင်းသိရသည်။

ရခိုင်ရှိကမ်းခြေဒေသများတွင် ပင်လယ်လိပ်များသည် ငါးဖမ်းပိုက်များတွင်မတော်တဆဖမ်းမိခြင်း၊ ပင်လယ်ထဲကအမှိုက်များနှင့် ငြိတွယ်မိခြင်းစသည့် ခြိမ်းခြောက်အန္တရာယ်များအပြင် ပင်လယ်လိပ်များကို ဖမ်းဆီးသတ်ဖြတ်ရောင်းချခြင်းနှင့် လိပ်ဥများကိုရောင်းကုန်တစ်ခုကဲ့သို့ စျေးကွက်ရောင်းချနေမှုများကြောင့် သေဆုံးမှုလည်း တိုးလာနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

ရခိုင်မှ အဏ္ဏဝါအမျိုးသားဥယျာဥ်အဖြစ်သတ်မှတ်ထားသည့် နံ့သာကျွန်းတွင်လည်း ဂေဟစနစ်ပျက်စီး
လာမှုနှင့် မသမာသူတို့၏ သဲစုပ်ယူတူးဖော်နေမှုများ ကြောင့် ပင်လယ်လိပ်များ သေဆုံးမှု များပြားလာကြောင်း ရခိုင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးရန်နောင်စိုးက နိရဥ္စရာ သို့ပြောသည်။(NN-23)

ဓာတ်ပုံံ- KIFCA

ဆက်စပ် သတင်းများ