- Web Master
- ၁၈ မေ ၂၀၂၄
နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၂၃
ယခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျရောက်မည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့(Arakan Army)နေ့ အခမ်းအနားများကို ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံရောက် ရခိုင်လူမျိုးများက ယနေ့ (ဧပြီ ၉ ရက်) တွင် စည်ကားစွာ ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါတပ်တော်နေ့အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျိုးနွယ်စုဝင်များ၊ သွေးချင်း တိုင်းရင်းသားများအပါဝင် ပွဲသို့ဂုဏ်ပြု တက်ရောက်သူများနှင့်စည်ကားခဲ့ကြောင်း ပြောဆိုကြသည်။
ရက္ခိုင်အစည်းအရုံး(ဂျပန်)မှ
ဦးဆောင်ပြီး ဂျပန်နိုင်ငံရောက်ရခိုင်လူမျိုးများနှင့် တိုကျိုမြို့ရှိ 3-1
Yoyogikamiencho, Shibuya-ku, Tokyo National Olympics Memorial Youth Center တွင် ယနေ့ဧပြီလ ၉
ရက်၊ နေ့လယ်တစ်နာရီမှ ၅ နာရီထိ ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း
ရက္ခိုင်အစည်းအရုံး(ဂျပန်) မှတာဝန်ရှိသူတစ်ဦးက ပြော
သည်။
"အခမ်းအနားကို လေ့လာသူ ဂျပန်လူမျိုးတွေ၊ ရခိုင်လူမျိုး အားလုံးစုစုပေါင်း ၂၀၀ ကျော်တက်ရောက်ပါတယ်။ ULA/AA ခေါင်းဆောင်ကြီးတွေက အမှာစကားပြောပါတယ်" ဟု သူကပြောသည်။
ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်သူတို့၏ အခြေခံလိုလားချက်များဖြစ်သည့် အမျိုးသားစည်းလုံးညွတ်ရေး၊ အာရက္ခ တိုင်းပြည်တည်ဆောက်ရေးနှင့် အာရက္ခတိုင်းပြည်ကို အသက်ပေးကာကွယ်နေသည့်အတွက် ယခုကဲ့သို့ ၁၄ နှစ်မြောက် တပ်တော်နေ့ကို ဂုဏ်ပြုကြိုဆို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
" ဂျပန်ရောက်အာရက္ခ ပြည်သားတွေ စည်းလုံးမှုခိုင်မာဖို့နဲ့ အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ ဂျပန်ရောက် ရခိုင်များ ပူးပေါင်းပါဝင်လာစရေးနဲ့ ရက္ခိတလမ်းစဥ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့် ထောက်ပံ့ပါဝင်လာစေရေးအတွက်လည်း ရည်ရွယ်ပါတယ်" ဟု သူကဆက်ပြောသည်။
ယင်းအခမ်းအနားတွင် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီးကျော်ဟန်နှင့် ULA ထိပ်ပိုင်းခေါင်းဆောင်များက အမှာစကားပြောကြားခြင်း၊ ရက္ခိုင့်အလှပျိုဖြူများက ရက္ခိုင့်ရိုးရာ အကအလှများဖြင့်တင်ဆက်ခြင်း၊ ကံစမ်းမဲဖောက်ပေးသည့် အစီအစဥ်များပြုလုပ်ခဲ့ကြောင်း သူကပြောသည်။
အလားတူ ရက္ခိုင့်တပ်တော်နေ့အခမ်းအနားတစ်ခုကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် "ရက္ခိတရို့ ခေတ်သစ် မိုင်တိုင်အမှတ်(၁၄) အထိမ်းအမှတ်အခမ်းအနား"ခေါင်းစဥ်ဖြင့်ကျင်းပခဲ့ပြီး ပွဲတက်ရောက်ဂုဏ်ပြုသူများနှင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင်လည်း ULA/AA မှ ဗိုလ်မှူးကြီးကျော်ဟန်အပါအဝင် ခေါင်းဆောင်များက အွင်လိုင်းက တစ်ဆင့် အမှာစကားပြောကြားမှု၊ ရခိုင်အဆိုတော်တချို့၏သီဆိုဖျော်ဖြေမှု၊ ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသူများ၏ ရိုးရာအကဖြင့်ဖျော်ဖြေမှုအပါအဝင်၊ ရခိုင်ရိုးရာယိမ်း အဖွဲ့များ၏ ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သည့် တပ်တော်နေ့ အခမ်းအနားသို့ ပြည်ပရောက် ရခိုင်လူမျိုးများ၊ မျိုးနွယ်စုဝင်များနှင့် ကရင်နီလူမျိုးများအပါအဝင် စုစုပေါင်း ၁၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့သည်ဟု အဆိုပါအခမ်းနားသို့ တက်ရောက်ခဲ့သည့် ရခိုင်လူငယ်ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် KIO ဌာနချုပ်ရှိရာ ကချင် ပြည်နယ်၊လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါနေ့ကို ရက္ခိုင်တပ်တော်နေ့ အဖြစ်သတ်မှတ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော်အပါအဝင် ရခိုင်အမျိုးသားများက ရက္ခိုင်တပ်တော်ကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ယင်းနေ့ရောက်တိုင်း အခမ်းအနား ပြုလုပ်ကျင်းပကြသည်။(NN-23)
ပုံစာ- ဂျပန်တွင် ကျင်းပခဲ့ကြသည့် ပုံရိပ်များ