တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေပြည်နယ်ကောင်စီ ဗဟိုမဏ္ဍပ်တွင် နာမည်ကြီးအဆိုတော်အများအပြား ပါဝင်သီဆိုဖျော်ဖြေမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ ဧပြီ ၁၂/ ၂၀၂၃

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ပြည်နယ်ကောင်စီက ပြုလုပ်မည့် ဗဟိုမဏ္ဍပ်၌ ရခိုင့်နာမည်ကြီး အဆိုတော်များဖြင့် သီဆိုဖျော်ဖြေသွားမည်ဟု သိရသည်။

အဆိုပါဗဟိုမဏ္ဍပ်တွင် သီဆိုဖျော်ဖြေမည့်အဆိုတော်များမှာ ဦးမောင်သိန်း၊ သန်းဆွေ၊ ဝင်းကိုခိုင်၊ ခိုင်ကျော်လင်း၊ ဖိုးဇော်၊ ထူးလင်း၊ ဆန်းမြင့်ထွန်း၊ အာရီယန်၊ သျှင်ထွီး၊ ခိုင်မင်း၊ ညှာစိမ်းခိုင်၊ ကေသီနွယ်၊ ချိုချို၊ ပန်းအိနွယ်နှင့် သန်းသန်းဆင့်တို့ဖြစ်ကြပြီး ဧည့်သည်အဆိုတော်များမှာ မယ်မာယာကို၊ မေအောင်လံပိုင်၊ ပြည့်ပြည့်နှင့် မိုးဝသုန်တို့ဖြစ်ကြောင်း သိရသည်။

သူတို့သည် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သီဆိုဖျော်ဖြေကြမည်ဟု ပြည်နယ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပြည်နယ်ကောင်စီက ပြုလုပ်မည့် ဗဟိုမဏ္ဍပ်တွင် ရခိုင်မှ နာမည်ကြီး အဆိုတော်တချို့အားလည်း ဖိတ်ခေါ်ထားခြင်းမှာ စစ်ကောင်စီအပေါ် ရခိုင်ပြည်သူများ ယုံကြည်မှုရှိလာအောင် အတွက်ဖြစ်နိုင်သည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုဦးသန်းနိုင်က ဝေဖန်ပြောဆိုသည်။

"စစ်ကောင်စီက သူတို့အပေါ် ယုံကြည်မှုရှိလာအောင်လုပ်တယ်လို့မြင်တယ်။ သင်္ကြန်ပွဲချတဲ့အပေါ်မှာ ကျနော်တို့ ကန့်ကွက်စရာလည်း မရှိဘူး။ ဒါက ကျနော်တို့ရဲ့ ရိုးရာလည်းဖြစ်တယ်။ ဒါပေမဲ့ အနုပညာရှင်တွေကို အခကြေးငွေတွေများစွာပေးပြီးတော့ သူတို့ကို ရခိုင်ပြည်သူတွေ ထောက်ခံလာအောင် ဆွဲဆောင်နေတာလို့ပဲမြင်ပါတယ်" ဟုပြောသည်။

စစ်တွေမြို့မှ တက်ကြွအမျိုးသမီးတစ်ဦးကလည်း ရခိုင်တွင် စစ်ကောင်စီ၏လုပ်ရပ်ကြောင့် ကျခဲ့ရသည့်သွေးမခမ်းခြောက်နိုင်သေးသည့်အတွက် စစ်ကောင်စီကျင်းပသော ဗဟိုမဏ္ဍပ်တွင် ရခိုင်အဆိုတော်များအနေဖြင့် မဆိုသင့်ဟု ထောက်ပြသည်။

"ပြောရမယ်ဆိုရင်တော့ မဆိုသင့်ဘူးပေါ့။ သူတို့ကျင်းပတဲ့ ပွဲမှာ မဆိုလိုက်ရလို့ အဲဒီအဆိုတော်တွေ အနေနဲ့ ထမင်းငတ်မသွားဘူး။ ဒါကြောင့် အခုချိန်မှာ ဒီလိုပွဲတွေမှာ မဆိုသင့်ဘူးလို့ ထင်တယ်" ဟုပြောသည်။

ယခုအခြေအနေတွင် ဗဟိုမဏ္ဍပ်အပေါ် သီချင်းတက်ဆိုသူများမှာ သူတို့၏ ခံယူချက်နှင့် ရပ်တည်ချက်ကို ပြခြင်းသာဖြစ်သည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)မှ ကိုကောင်းကျော်ဇံက ရှုမြင်သည်။

"သူတို့ရပ်တည်ချက်ကတော့ သူတို့ခံယူချက်နဲ့ပဲဆိုင်တယ်။ တချို့အဆိုတော်တွေဆိုရင် စစ်ကောင်စီနဲ တ်သက်တဲ့ ရှိုးပွဲတွေကိုဆိုလို့ရှိရင် စာချုပ်ဖျက်သိမ်းတာတွေရှိတယ်။ ဒီအခြေအနေမှာ ဗဟိုမဏ္ဍပ်မှာ တက်ဆိုလို့ရတဲ့ ပိုက်ဆံနဲ့မှ သူတို့ရပ်တည်လို့ရမယ်ဆိုရင် အဲဒါကတော့ သူတို့ခံယူချက်ပေါ့" ဟု ပြောသည်။

ပါဝင်သီဆိုမည့် အဆိုတော်များကို ဖုန်းဖြင့် ဆက်သွယ်၍ မရသဖြင့် သူတို့ ပါဝင်သီဆိုရခြင်း၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ရခိုင်တွင် ယခုနှစ်သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်များကို စစ်တွေအပါအဝင် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူစသည့်မြို့များ၌လည်း ဆောက်လုပ်ကာ စည်စည်ကားကားကျင်းပကြရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

စစ်ကောင်စီသည် ယမန်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲကို ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များအပါအဝင် လူပေါင်း ၁၀၀ ကျော်ခန့်သေဆုံးခဲ့သည်ဟု သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

 

ယင်းဖြစ်စဉ်ကြောင့် ရက္ခိုင့်တပ်တော် (AA)က ပြုလုပ်မည့် ကျောက်တော် ဇီးချောင်းသင်္ကြန်ပွဲတော်သို့ သွားရန်လည်း ရခိုင်လူထုတချို့မှာ စိုးရိမ်လျက်ရှိပြီး သတိဝိရိယဖြင့်သွားလာပျော်ပါးကြရန်လည်း လူမှုကွန်ရက်ပေါ်တွင် အချင်းချင်းတိုက်တွန်းမျှဝေနေကြသည်ကို မြင်တွေ့ရသည်။

 

ဇီးချောင်းသင်္ကြန်တွင်လည်း ရခိုင့်အဆိုတော်များဖြင့် သီဆိုဖျော်ဖြေသွားကြမည်ဖြစ်ပြီး ရေလောင်းမဏ္ဍပ်များဖြင့် စည်စည်ကားကားကျင်းပရန် ပြင်ဆင်ထားသည်ဟုလည်း သိရသည်။ (NN-21)

ဆက်စပ် သတင်းများ