တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် သင်္ကြန်ကာလယာဉ်မတော်တဆဖြစ်၍ ၂ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.9k

နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၃

ရခိုင်တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွား၍ ၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

သေဆုံးသူ နှစ်ဦးမှာ စစ်တွေမြို့နှင့် တောင်ကုတ်မြို့တို့မှ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ သင်္ကြန် (၅) ရက်အတွင်း ယာဉ်မတော်တဆဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှစာရင်းအရ သိရသည်။

သေဆုံးသူမှာ ယမန်နေ့ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်က ယာဉ်မတော်တဆမှု တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နှစ်ဆန်းတစ်ရက်နေ့တွင် ယာဉ်မတော်တဆ   ခု ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။


"
မနေ့ကသေတဲ့သူကတော့ ဆိုင်ကယ်အတိုက်ခံရတာ။အရင်နှစ်ကထက်တော့ မတော်တဆမှုနည်းသွားတယ်" ဟုပြောသည်။


စစ်တွေတွင် သင်္ကြန် (၅) ရက်အတွင်း ယာဉ်မတော်တဆမှု ၂၄ ခုအထိရှိခဲ့ရာ ၁ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးအထိရှိခဲ့ပြီး ယင်းအထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရသည်။

ယာဉ်မတော်တဆမှုအများစုသည် အရက်သေစာသောက်စားပြီး နှစ်ဘီးဆိုင်ကယ်မောင်းရာမှ ဆိုင်ကယ်မှောက်ခြင်း၊ တိုက်မိခြင်းများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တောင်ကုတ်မြို့တွင်လည်း ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညဥ့် ၁ နာရီအချိန်က လျှပ်စစ်လမ်းထဲတွင် ဆိုင်ကယ်နှင့် ကုန်ကားတိုက်မိ၍ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁ ဦးမှာ ယာဖက် ခြေထောက်ကျိုးသည့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသွားသူမှာ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ကိုထွန်းထွန်းနိုင်(ခ)ကိုနသီး (၄၆)နှစ် ဖြစ်ပြီး ၄င်းနှင့်အတူ ဆိုင်ကယ်စီးနင်းလိုက်ပါလာသည့် ချောင်းကောက်ရပ်ကွက်မှ သိန်းထက်အောင်(၄၁)နှစ်မှာ ယာဖက် ခြေထောက်ကျိုးသွားခဲ့ကြောင်း တောင်ကုတ်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအုပ်တစ်ဦးက ပြောသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း တောင်ကုတ်မြို့တွင် မတော်တဆမှုဖြစ်၍ ထိခိုက်သေဆုံးသူ ၁ ဦးအား အမှုဖွင့်ခဲ့ပြီး နောက်ထပ် အကြီးအကျယ်ဒဏ်ရာရသူမရှိခဲ့၍  ရဲစခန်းတွင်အမှုဖွင့်ခြင်း မရှိခဲ့ဟု သူကပြောသည်။

လာမည့်နှစ် သင်္ကြန်ကာလများတွင်လည်း ပျော်ပါးကြမည့်သူများအနေဖြင့် မိမိကြောင့် တခြားသူ ဒုက္ခမရောက်စေရန် သတိထားသင့်သည်ဟုလည်း စစ်တွေရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။

"အသက်ကို ဉာဏ်စောင့်တယ်။ အရာရာကိုပျော်ချင်သလောက်ပျော်ပေါ့။ သတိလည်းထားပေါ့။ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ သိက္ခာမကျစေနဲ့၊ ဒုက္ခမရောက်စေနဲ့ပေါ့။ ကိုယ်ပျော်ချင်သလောက်ပျော်။ ကိုယ့်ကြောင့် တခြားသူဒုက္ခမရောက်စေနဲ့ပေါ့။ အဲလိုမျိုးကို ဦးနှောက်ထဲမှာ ထည့်စဉ်းစားပြီးတော့ ပျော်ကြရင်အဆင်ပြေပါတယ်" ဟုပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလအတွင်းက ယာဉ်မတော်တဆမှုကြောင့် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း စာရင်းအရ သိရသည်။ (NN-8, NN-23)

ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

 

 

ဆက်စပ် သတင်းများ