တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းကို မေလ ၉ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဟု အိန္ဒိယအစိုးရပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

နိရဥ္စရာ၊ မေ ၁ /၂ဝ၂၃

အိန္ဒိယနိုင်ငံနှင့် ကုန်စည်များတိုက်ရိုက်ကူးသန်းမည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေဆိပ်ကမ်းကို လာမည့် မေလ ၉ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်တော့မည်ဟု အိန္ဒိယအစိုးရက ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန (IWAI) ဝန်ကြီး Sarbananda Sonowal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လိုက်ပါမည့်သင်္ဘောများသည် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရှိ Syama Prasad Mooker ဆိပ်ကမ်းမှ မေလ ၄ ရက်တွင် စစ်တွေဆိပ်ကမ်းသို့ စတင်ထွက်ခွာလာမည်ဟု အမည်မဖော်လိုသည့် IWAI အကြီးတန်းအရာရှိတစ်ဦး၏ ပြောဆိုချက်ကိုကိုးကားပြီး အိန္ဒိယအခြေစိုက်သတင်းများတွင် ယနေ့ ဧပြီ ၃ဝ ရက်၌ ဖော်ပြသည်။

အဆိုပါသင်္ဘောများသည် မေလ ၉ ရက်တွင် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ပြီး ယင်းနေ့တွင် စစ်တွေဆိပ်ကမ်းဖွင့်ပွဲကို ကျင်းပမည်ဟု သတင်းများက ဆိုသည်။

ယင်းသို့ ဖွင့်လှစ်ပြီးပါက အိန္ဒိယ-စစ်တွေအကြား ကုန်စည်များ ကူးသန်းသွားလာရေးကို မေလ ဒုတိယပတ်အတွင်း လုပ်ဆောင်တော့မည်ဟုလည်း အမည်မဖော်လိုသည့် IWAI အကြီးတန်းအရာရှိတစ်ဦးက ပြောကြောင်း အိန္ဒိယအခြေစိုက် The Print သတင်းဌာနတွင် ယနေ့ ဖော်ပြသည်။

IWAI အကြီးတန်းအရာရှိတစ်ဦးက ဘိလပ်မြေတင်ဆောင်လာတဲ့ သင်္ဘောနဲ့ာ ပထမဆုံးကုန်တင် ကုန်ချကို ကာလကတ္တားကနေ စစ်တွေဆိပ်ကမ်းအထိ မေလ ဒုတိယပတ်မှာ စတင်မယ်လို့ မျှော်လင့်ထားပါတယ်ဟု ပြောသည်။

စစ်တွေဆိပ်ကမ်းကိုဖွင့်လှစ်ပြီးနောက် စစ်တွေ-အိန္ဒိယကုန်စည်ကူးသန်းမှုကို ကာလကတ္တားဆိပ်ကမ်းမှ စစ်တွေဆိပ်ကမ်းသို့ ဘိလပ်မြေ တန်ချိန် ၃ ထောင်ဖြင့် ပထမဆုံး စတင်ကူးသန်းမည်ဖြစ်သည်။


စစ်တွေဆိပ်ကမ်းကိုတည်ဆောက်ပြီးနောက် စတင်အသုံးပြုခွင့်ကို မြန်မာစစ်ကောင်စီဘက်က ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း IWAI အကြီးတန်းအရာရှိက ဆိုသည်။

စတင်အသုံးပြုခွင့်ရပြီးနောက် ဇန်နဝါရီလ ၁၃ ရက်တွင် စစ်တွေဆိပ်ကမ်းမှတဆင့် ဆန်တန်ချိန် ၂၆ဝဝ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစမ်းသဘောမျိုး ပို့ဆောင်ပေးနိုင်ခဲ့သည်ဟုလည်း သိရသည်။

 

စစ်တွေဆိပ်ကမ်းဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီဘက်မှ ပြောခွင့်ရသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။


စစ်တွေဆိပ်ကမ်းသည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်စည်များ တိုက်ရိုက်ကူးသန်းနိုင်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင်ပါဝင်သည့် ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ထိုဆိပ်ကမ်းကို ၂ဝဝ၉ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာသန်း ၁၂ဝ အကုန်အကျခံတည်ဆောက်ပေးထားခြင်းဖြစ်ပြီး အိန္ဒိယအစိုးရက မြန်မာအစိုးရထံမှ နှစ် ၃ဝ စီမံကိန်းဖြင့် ငှားရမ်းအသုံးပြုမည်ဖြစ်သည်။

ယင်းကာလအတွင်း ဆိပ်ကမ်းတွင် ရပ်နားသည့် ကုန်သင်္ဘောများမှ အခွန်အခများကိုသာ မြန်မာအစိုးရက ရရှိမည်ဖြစ်ပြီး နှစ် ၃ဝ ပြည့်မြောက်ပြီးမှ ယင်းဆိပ်ကမ်းကို မြန်မာအစိုးရဘက်က တရားဝင် ပိုင်ဆိုင်မည်ဖြစ်သည်ဟု ၂ဝ၁ဝ နောက်ပိုင်း မြန်မာအစိုးရဘက်မှ ထုတ်ပြန်ထားခဲ့သည့်အချက်အလက်များက ဆိုသည်။

စစ်တွေဆပ်ကမ်းပါဝင်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကိုလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ် သည်။

ယင်းစီမံကိန်းကို စစ်တွေမှ ပလက်ဝအထိ ရေကြောင်းမှ ကုန်ပစ္စည်းများကို ပို့ဆောင်ရန်နှင့် ပလက်ဝမှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်သို့ ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ရေကြောင်းမှ ကုန်ပစ္စည်းများပို့ဆောင်နိုင်ရန် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် ဆိပ်ကမ်းတစ်ခုစီကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်မှ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိသော နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်နေပြီဖြစ်သည်။

အဆိုပါကားလမ်းဖောက်လုပ်ပြီးစီးရန် အချိန်အနည်းငယ်ကြာဦးမည်ဖြစ်ပြီး ယင်းကားလမ်း ဖောက်လုပ်ပြီးစီးပါက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

အဆိုပါ စီမံကိန်း တည်ဆောက်ပြီးစီးပါက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများနှင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသများကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဟု နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းနေကြသည်။ (NN-16)

ဆက်စပ် သတင်းများ