တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မှ လူထုဇော်ဝင်းအပါအဝင် (၃)ဦးအမှု အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 450

နိရဥ္စရာ၊ မေ ၂ /၂၀၂၃
 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည့် ဦးဇော်ဝင်းအပါအဝင် ရခိုင်ဒေသခံ ၃ း အမှုအား အပြီးသတ် အမိန့်ချမည့်ရက်ကို ယနေ့တွင်လည်း ထပ်မံ ရွှေ့ဆိုင်းလိုက်သည်။

 

ကျောက်တော်မြို့နယ် တရားရုံးတွင် အပြီးသတ် အမိန့်ချမှတ်ရန် ယနေ့ မေလ (၂)ရက်အား ရုံးချိန်း ခဲ့သော်လည်း ယနေ့ ရုံးချိန်တွင်လည်း အပြီးသတ်အမိန့် မချဘဲ မေလ (၁၆)ရက်အား ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်း တရားစွဲဆိုခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

 

ဒီနေ့ အပြီးသတ်အမိန့်ချမယ်ဆိုပြီးတော့ ရုံးထုတ်တာပေါ့။ ဒါပေမဲ့ ပြန်ပြီးတော့ (၁၆)ရက်နေ့ ထပ်ချိန်းတယ်။ ဘာကြောင့် အမိန့်မချတာလဲ မသိဘူး။ သူတို့က လာဆိုလာ၊ သွားဆိုသွားပါပဲ။ ကျနော်တို့ ထူးထူးခြားခြားသိရတာမရှိပါဘူးဟု ဆိုသည်။

 

ဦးဇော်ဝင်း၏ဇနီးကလည်း ယခုကဲ့သို့ အပြီးသတ်အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေသည်မှာ ကြာမြင့်နေပြီးဖြစ်ပြီး ဦးဇော်ဝင်း၏ ကျန်းမာရေး အခြေအနေအားလည်း စိုးရိမ်နေသည်ဟု ပြောသည်။

 

အခုက အရမ်းပူတယ်။ ကိုဇော်ဝင်းကလည်း ကျန်းမာရေးမကောင်းတော့ စိုးရိမ်တာပေါ့။ အပြင်မှာတောင် ဒီလောက် ပူတာကို အထဲမှာ ဘယ်လောက်တောင် ပူလိုက်မလဲ၊ ကျမတို့ကတော့ သူတို့အတွက် စိုးရိမ်ပါတယ်။ ရုံးချိန်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ ပြောလို့လည်း ဘာမှ မထူးပါဘူးဟု ဆိုသည်။

 

တရားစွဲဆိုခံထားရသူ (၃)ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း (၄၃) နှစ်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက် (၂၈)နှစ်နှင့် ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင် (၅၁)နှစ်တို့ဖြစ်ကြသည်။

 

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် (၃)ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀)ရက်၌ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီး နောက်တစ်ရက် ဇွန်လ (၂၁)ရက်တွင် ၎င်းတို့ (၃)ဦးအား  စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ ဖမ်းဆီးပြီးနောက် ၎င်းတို့ (၃)ဦးအား စစ်ကောင်က နိုင်ငံတော် ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုခဲ့သည်။

 

လက်ရှိတွင် သူတို့ ၃ ဦးအား အပြီးသတ်အမိန့်ချရန်သာကျန်တော့သော်လည်း ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းခံနေရသည့်အတွက် သူတို့အပါအဝင် မိသားစုတွင် ဆုံးရှုံးနစ်နာမှုများရှိနေသည်ဟု သိရသည်။

 

တကျော့ပြန် တိုက်ပွဲကာလဖြစ်သည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်က ရခိုင်မှ အရပ်သား ပြည်သူ (၅၉၄)ဦးကို ဖမ်းဆီးခဲ့ကာ ပြန်လည်လွှတ်ပေးသူ (၃၉၁) ဦးရှိပြီး လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှာင်ခံထားရသူ ၂၀၃ ဦးအထိ ရှိနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-18)

ဆက်စပ် သတင်းများ