တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

စစ်ကိုင်းတလိုင်းရွာအား စစ်ကောင်စီဝင်ရောက်စီးနင်းပြီး နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 420

စစ်ကိုင်တိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်း (ထီးလှိုင်)ရွာအား စစ်ကောင်စီတပ်များက ဇူလိုင်လ ၂ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်က စီးနင်းဝင်ရောက်ပြီးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။


မနက်အစောပဲဗျ။ အခုနယ်ဘက်တွေကို ညဘက်နဲ့ မနက်အစောဘက်တွေ စစ်ကြောင်းထိုးတာ များလာတယ်။ ကျနော်တို့ ရွာက ၁၀၀ လောက်မီးထဲပါသွားတယ်။ အခုထိ ဘေးလွတ်ရာရှောင်တိမ်း နေရဆဲပေါ့ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး အဖွဲ့ကလည်း စစ်ကောင်စီတပ်များ ကျေးရွာအတွင်း မီးရှို့ဖျက်စီးသွားမှုများ၊ ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ ကြောင်းထုတ်ပြန်ပြောဆိုထားသည်။



 

ကျေးရွာ ကာကွယ်ရေးအဖွဲ့နဲ့ ပထမဆုံး ပစ်ခတ်မှုတွေဖြစ်တာပေါ့။ အင်အားမမျှဘူးလေ။ ဒေသ ပကဖ အဖွဲ့နဲ့ ပလဖ အဖွဲ့ တွေက ၅ ဦးလောက် ကျဆုံးခဲ့တယ်ဗျာ။ ပြီးတော့ နေအိမ်တွေ မီးရှို့သွားကြ တယ်ဟု ‌ဒေသခံ တစ်ဦးကလည်း ဖြစ်စဉ်အားပြောပြသည်။

 

ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော် (၂)ဦးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ (၃)ဦးသည် စစ်ကောင်စီတပ်များအား ခုခံရင်း အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

 

စစ်ကောင်စီတပ်များက ကျေးရွာအတွင်း အရှေ့ပိုင်းက နေအိမ် ၁၀၀ ကျော်ကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် မီးစတင်ရှို့ခဲ့ပြီး တလိုင်းရွာ စာသင်ကျောင်းတွင် စခန်းချခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရှိရသည်။

 

ထိုနောက် တလိုင်းရွာမှ စစ်ကောင်စီတပ်များသည် ဗျူဟာလမ်းအရှေ့ဖက် တောင်ကြောဘက် သို့ ကျေးရွာ ဒေသခံများ တိမ်းရှောင်နေနိုင်သည်ဟု အထင်ဖြင့် လက်နက်ကြီးများဖြင့် အချက်ရေ များစွာ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းကိုလည်း အသက်ဘေးတိမ်းရှောင်သူများထံ က သိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - စစ်ကောင်စီတပ်များ၏ မီးရှို့မှုခံခဲ့ရသည့် တလိုင်း (ထီးလှိုင်)ကျေးရွာက နေအိမ်များ (စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး)

ဆက်စပ် သတင်းများ