တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

မာန်အောင်တွင် စစ်ကောင်စီ ရေတပ်နေဗီတစ်စီးက ငါးဖမ်းသမားများထံမှ ငါး၊ပုစွန်များကို ပိုက်ဆံမပေးဘဲ အလကားတောင်းယူနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 720

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်ကောင်စီရေတပ်ဇက်နေဗီတစ်စီးက ငါးဖမ်းသမားများအား အနိုင်ကျင့်ကာ ငါး၊ပုစွန်များ ငွေကြေးတစ်ပြားမှ မပေးဘဲ အနိုင်ကျင့်ကာ အလကား တောင်းယူနေကြောင်းသတင်းရရှိသည်။


မာန်အောင် မြို့ ချောင်း၀အထွက် ကမ်းနှင့် မလှမ်းမကမ်းတွင် ကျောက်ချ ရပ်ထားသည့် ရေတပ် ဇက်နေဗီက ငါးဖမ်းစက်လှေများအား ခေါ်ယူပြီး စုံစမ်းစစ်ဆေးသလို လုပ်ကာ  ငါးဖမ်းလှေပေါ် ပါလာသည့်  ငါး၊ပုစွန်များကို အနိုင်ကျင့် တောင်းယူနေခြင်း ဖြစ်သည်ဟု ငါးဖမ်းသမားများက ပြောသည်။ 

 

"မြို့ချောင်းထွက်ဝနားမှာ နေဗီတစ်စီး အမြဲတမ်းလိုလို စက်လှေသမားတွေကို ခေါ်ပါတယ်။ စက်လှေသမားတွေက သွားရတယ်။ သွားရင် ဘယ်ရွာကလဲ၊ ဘာသွားလုပ်တာလဲ စစ်ပါတယ်။ က်လှေမှာ ပုစွန်တွေ၊ ငါးတွေ ပါလို့ရှိရင် အကောင်းဆုံးပုစွန်တွေကို ယူပါတယ် သူတို့။ တစ်ခြင်းပါရင် တစ်ခြင်းယူတယ်။ နှစ်ခြင်းပါရင် နှစ်ခြင်းယူတယ်။ ပုစွန်အငယ်တွေကို သူတို့မယူပါဘူး။ အဲ့ဒီနေဗီမှာ ရေခဲဘူး ၈ဘူးလောက်ပါပါတယ် အဲ့ဒီ ဘူးတွေမှာ အပြည့်ပါပဲ။ ပြီးရင် ရေခဲတွေလည်း တောင်းပါသေးတယ်" ဟု အမည်မဖော်လိုသည့် ငါးဖမ်းသမားတစ်ဦးက  ပြောသည်။ 

 

အဓိက အခြေခံ လက်လုပ်လက်စား စက်လှေငယ်များကိုသာ အနိုင်ကျင့်နေခြင်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းှင်ကြီး များ၏ စက်လှေ၊ဘုတ်များကို စစ်ဆေးခြင်းမရှိဟု ၄င်းက ဆက်ပြောသည်။ 

 

"သူတို့တွေနဲ့ လက်ဝါးရိုက်ပြီး သွားနေသူတွေကိုတော့ သူတို့မခေါ်ဘူး။ အထက်ကလူတွေနဲ့ ပြောထားလို့လားတော့ မသိပါဘူး။ နင်လားငါလား ကောင်ကြီးတွေကိုဆို မခေါ်ပါဘူး။ ဦးကျောက်တောင်တို့၊သုခတို့ရှိတယ်လေ။ ကျနော်တို့ တော်တော်စောင့်ကြည့်ပြီးပြီ။ အဲ့လိုတွေကိုကျတော့ မခေါ်ဘူး။ မစစ်ဘူး။ လက်လုပ်လက်စား စက်လှေငယ်တွေကို ခေါ်ပြီး အနိုင်ကျင့်နေတာ" ဟု ၎င်းက ပြောသည်။

 

ယင်း နေဗီတွင် စစ်ကောင်စီ တပ်သာ (၁၀ကျော်ခန့်ရှိပြီး ယခုကဲ့သို့ အနိုင်ကျင့်တောင်းခံနေသည်မှာ ခုနှစ် ဇန်နဝါရီလ စကတည်းကဟု ငါးဖမ်းသမားများက ပြောသည်။ 

 

ယခုကဲ့သို့ ကုန်စျေးနှုန်းမြင့်တက်ပြီး စီးပွားရေးအခက်ကြုံနေရချိန်တွင် ငါး၊ ပုစွန်များကို ငွေကြေး တစ်ပြားတစ်ချပ်မှ မပေးဘဲ တောင်းယူနေသည့် အတွက် ရေလုပ်သားများ အဆင်မပြေ ဖြစ်နေရကြောင်း မာန်အောင်မှ နောက်ထပ် ငါးဖမ်းသမားတစ်ဦးက ပြောသည်။ 

 

"ကျနော်တို့ လှေသမားတွေမှာက ဆီစျေးကလည်း ကြီး၊ တခါတလေကျရင် ဆွဲပိုက်သွားဆွဲလည်း ဆီဖိုးမပိုင်တဲ့ ရက်တွေရှိပါတယ်။ ဒါတွေကို ပြောပြလည်း သူတို့က ဂရုမစိုက်ပါဘူး သူတို့ လိုချင်တာကိုပဲ လက်ညိုးထိုးပြီး နေဗီပေါ်ကို တင်ခိုင်းပါတယ်ဟု ဆိုသည်။ 

 

ယင်းအပြင် ယင်းရေတပ်နေဗီကလှမ်းခေါ်ချိန် သတိမထားမိဘဲ ဆက်သွား၍ ရိုက်နှက်ခံရသူများလည်း ရှိသည့်အတွက် စိုးရိမ်သောကများနှင့် လုပ်ကိုင်စားသောက်နေကြရသည်ဟု ဆိုသည်။ 

 

"တမြင်ကနေ လှမ်းခေါ်ပါတယ်။ သူတို့ခေါ်တာကို မမြင်လို့ ဆက်သွားတဲ့ တချို့စက်လှေတွေသမားတွေ အရိုက်ခံရတာလည်းရှိပါတယ်။ မာန်အောင်မှာဆိုရင် ငါး၊ ပုစွန်တွေက အဲ့လောက်လည်း စျေးရတာ မဟုတ်ဘူး။ ဆီစျေးတွေကလည်း အဆမတန်ကြီးပါတယ်။ လုံးဝမဖြစ်မနေလို့သာ လုပ်စားနေကြရတာ။ သူတို့တွေကလည်း အဲ့လိုအတားအဆီးတွေနဲ့လုပ်နေတော့ ဘယ်လိုမှအဆင်မပြေဘူး"ဟုဆိုသည်။ 

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ရေတပ်နေဗီက ငါးဖမ်းသမားများကို ခေါ်ယူစစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။ 

 

ယခု နိုင်ငံတစ်ခုကို ကာကွယ်စောင့်ရှောက်နေသော  ရေတပ်မတော် တစ်ခုမှ မရှိဆင်းရဲ၍ လုပ်စားနေကြသော ရေလုပ်သားများထံက ငါးပုဇွန်များကို သေနတ်အားကိုးပြီး အတင်းဓမ္မ တောင်းယူနေခြင်းမှာဂုဏ်သိက္ခာမဲ့သော လုပ်ရပ်ဖြစ်ပြီး လွန်စွာစက်ဆုတ်ရွံ့ရှာဖွယ်ကောင်းကြောင်း ဒေသအတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ ရေတပ်ဇက်ရေယာဉ်တစ်စီးက  ဒေသခံ ရေလုပ်သားပြည်သူများကို အနိုင်ကျင့်နေမှုနှင့် ပတ်သက်ပြီး မေးမြန်းလို၍ ရခိုင်ပြည်နယ်စစ်ကောင်စီ  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ (NN-7)

 

ပုံစာ- စစ်ဆေးရေးအကြောင်းပြပြီး စက်လှေသမားများထံမှ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီရေတပ် ဇက်ရေယာဉ် တစ်စီးကို ရခိုင်ရေပြင်တစ်နေရာတွင် တွေ့ရစဉ်

ဆက်စပ် သတင်းများ